ရှမ်းပြည်နယ် ဝန်ကြီးချုပ်နေရာ SNLD ပါတီထဲက ရွေးချယ် ဖို့ တောင်းဆို

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက သင့်တော်သူ တစ်ဦးဦးကို ရွေးချယ်ခန့်အပ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ပရောက် ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

SNLD ပါတီဟာ ဝါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ရှမ်းတိုင်းရင်းသားတွေရဲ့ အခက်အခဲကို ပိုမိုသိရှိနားလည်နိုင် တယ်လို့ ယုံကြည်ကြောင်း ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသားများအဖွဲ့အစည်းက ကိုစိုင်းကျောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်ငြိမ်းချမ်း ဖံ့ွဖြိုးတိုးတက်ရေးကို ရှေးရှုပြီး တိုင်းရင်းသားအားလုံးကို လူမျိုးဘာသာမခွဲခြားဘဲ ခန့်အပ်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ထိုင်းနိုင်ငံရောက် ရှမ်းအမျိုးသားများအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူ အမေရိကန်နိုင်ငံရောက်ရှိနေတဲ့ ရှမ်းလူမှုရေးနဲ့ ယဉ်ကျေးမှုအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်အကြီးအကဲနေရာတွေအတွက် တခြားတိုင်းရင်းသားတွေကို ရွေးချယ်ခန့်အပ်ထား ပြီးဖြစ်တာကြောင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နေရာမှာ ရှမ်းတိုင်းရင်းသားကို ခန့်အပ်ပေးဖို့ အမေရိကန်၊ ဂျပန်၊ မလေးရှား၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်းသားအဖွဲ့တွေက တောင်းဆိုတာ ဖြစ်ပါတယ်။

SNLD ပါတီဟာ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာ NLD ပါတီနဲ့ နှစ်ပေါင်းများစွာ အတူလက်တွဲလုပ်ဆောင်ခဲ့တဲ့ ပါတီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။