ဒီလို ဆုံးဖြတ်နိုင်ဖို့ ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို ရက်ပိုင်း အတွင်း ပြုလုပ်မှာ ဖြစ်ပြီး SNLDပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လွတ်လာပြီးနောက် အခုလို ဆုံးဖြတ်ကြတာလို့ SNLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။ “ကျွန်တော့် တစ်ယောက်တည်း သဘောအရ ဆိုရင်တော့ အခုသွားနေတဲ့လမ်းကြောင်း အကုန်လုံးက ရွေးလမ်း ဘာမှ သိပ်မရှိဘူး။ တရားဝင် နိုင်ငံရေးပါတီ တစ်ခု အဖြစ် လျှောက်ထားပြီး ရပ်တည်မှသာလျှင် လှုပ်ရှားလို့ရမယ်လေ။ အဲဒါကြောင့်မို့ အားလုံးရဲ့ဆန္ဒကို သိရအောင် နက်ဖြန် သန်ဘက်ခါလောက်ကို စီအီးစီ အစည်းအဝေး စတင်မှာ ဖြစ်ပါတယ်။ စီအီးစီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီးတော့မှ မှတ်ပုံတင် ကိစ္စ၊ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စတွေကို ကျွန်တော်တို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဒီအတောတွင်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လာရှိုးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဦးခွန်ထွန်းဦးကို ဒီကနေ့လာရောက် ကမ်းလှမ်းခဲ့ပေမယ့် ဦးခွန်ထွန်းဦး ကတော့ မိမိတို့ SNLD ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ကိုသာ လိုက်နာ ဆောင်ရွက်မယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။ ဦးခွန်ထွန်းဦးနဲ့ RFA တွေ့ဆုံမေးမြန်းချက်ကို ဦးကျော်မင်းထွန်းက ပြန်လည်တင်ပြထားပါတယ်။
0:00 / 0:00