လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီက ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ မြို့နယ်အားလုံးနဲ့ ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ကယားပြည်နယ်တွေက မဲဆန္ဒနယ်မြေတွေ မှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကျားခေါင်းပါတီ က ပြောပါတယ်။
လက်ရှိ ရှမ်းတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ဒေသတွေ ဆီ စည်းရုံးရေးဆင်းနေတဲ့ တွေ့ရှိချက်အရ မဲဆန္ဒ နယ်မြေတွေ ပိုများလာတာဖြစ်တယ်လို့ ကျားခေါင်းပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
ကျားခေါင်းပါတီအနေနဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၄၀ လောက်မှာသာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက လျာထားခဲ့ပေမဲ့လည်း စည်းရုံးရေးဆင်းနေတဲ့အချိန်အတွင်း ပါတီအင် အားကောင်းလာတာကြောင့် ရှမ်းပြည်နယ်မှာ ၅၂ မြို့နယ်အထိ ဖြစ်လာတာပါ။ ဒါ့အပြင် စည်းရုံးရေးဆင်းနေတဲ့ကာလအတွင်း ကျားဖြူပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတွေက အဖွဲ့ဝင်တချို့ ကျားခေါင်းပါတီနဲ့ ပူးပေါင်းလာတဲ့အတွက် အင်အားနှစ်ထောင်လောက်ရှိနေပြီလို့လည်း သိရပါတယ်။
ကျားခေါင်းပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
