SNLD နဲ့ SNDP ပေါင်းစည်းရေး ပဏာမ သဘောတူညီမှုရရှိ
2014.05.04
ရှမ်းအမျိုးသားတို့ရဲ့ နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ နှစ်ပါတီပေါင်းစည်းရေးအတွက် ပဏာမ သဘောတူညီမှုရရှိခဲ့ကြပြီဖြစ်ကြောင်း SNDP ပါတီခေါင်းဆောင်က ထုတ်ဖော်ပြောဆိုပါတယ်။
အင်အားကြီး ရှမ်းပါတီကြီး နှစ်ခုပူးပေါင်းရေး အတွက် မေလ ၃ ရက် မနေ့က တောင်ကြီးမြို့မှာ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီးနောက် အခုလို သဘောတူညီခဲ့ကြတာလို့ SNDP ပါတီရဲ့ ဒုတိယ ဥက္ကဌ ဦးစိုင်းဆောင်ဆီက ပြော ပါတယ်။
"ကျနော်တို့ပူးပေါင်းတယ်ဆိုတဲ့ ဒီသဘောတူညီ ချက် တစ်ခုကို မနေ့က ၆ နာရီလောက် ဆွေးနွေး ပြီးမှ အဲ့ဒီသဘောတူညီချက်ကို အန်ကယ်တို့ရပြီ၊ ဒါပေမဲ့ ဘယ်လိုပူးပေါင်းမယ်၊ ဘယ်တော့ပူးပေါင်းဖြစ်မယ် ဆိုတာကတော့ အန်ကယ်တို့ အများကြီး ဆက်ဆွေးနွေးရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက် ပွဲ ကော်မရှင်ဥပဒေအရ အန်ကယ်တို့ ဖြေ ရှင်းရမယ့် ပြဿနာတွေရှိတယ်သလို အန်ကယ်တို့ မူဝါဒပိုင်း ဆိုင်ရာ ပြဿနာတွေလည်းရှိတယ်"
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ကျားဖြူလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP တို့ဟာ နှစ်ပါတီ ပေါင်းစည်းရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ပြင်ဆင်ခဲ့ကြ တာဖြစ်ပြီး နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုဟာ အခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၅ ဦးနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ဒုဥက္ကဌ ဦးစိုင်းဆောင်ဆီ ဦးဆောင်တဲ့ ကိုယ်စားလှယ် ၅ ဦး တက်ရောက်ခဲ့ကြပါတယ်။
ရှေ့ဆက်ဆောင်ရွက်ရမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး SNDP ပါတီ ဒုဥက္ကဌ ဦးစိုင်းဆောင်ဆီ ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။