ဂျော့ဆိုးရော့စ် SNLD အမှုဆောင်များနှင့် တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်ရှိနေ တဲ့ ကမ္ဘာကျော် အမေရိကန် ငွေကြေး လုပ်ငန်းရှင် ဂျော့ဆိုးရောစ့်နဲ့ သူတည်ထောင်ထားတဲ့ Open Society Foudation က တာဝန်ရှိသူတွေဟာ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်SNLD ပါတီ အမှုဆောင်တွေနဲ့ မနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ချက်ထရီယံ ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးရာမှာ ရှမ်းပြည်နယ်အတွင်း နယ်မြေအေးချမ်းမှုအခြေအနေ၊ အစိုးရရဲ့ ငြိမ်းချမ်းရေးမူဝါဒ၊ တိုင်းရင်းသားအခွင့်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို ပြောပါတယ်။

"အဓိကကတော့ ရှမ်းပါတီဖြစ်တဲ့အတွက် ရှမ်းပြည်နယ်မှာဖြစ်တဲ့ ငြိမ်းချမ်းရေး အခြေအနေတွေကို အဓိကဆွေးနွေးတာပေါ့ အစိုးရရဲ့ ငြိမ်းချမ်းရေးမူဝါဒက ရှမ်းပြည်နယ်မှာက သိပ်တော့မသည်းကွဲသေးဘူးပေါ့၊ တချို့တွေကို ပြည်သူ့စစ်အနေနဲ့ထားတယ်၊ တချို့တွေကိုတိုက်နေတယ်၊ ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးမှ တိုက်နေတာလည်း မနည်းတော့ဘူး၊ ဝ ကျတော့ နယ်မြေလည်းပေးထားတယ်၊ စီးပွားရေးလုပ်ပိုင်ခွင့်တွေလည်း ပေးထားတယ်"

ဒါ့အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဦးဆောင်ပြီး ယုံကြည်မှုအတွက် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ခေါင်းစဉ်နဲ့ ဒုတိယအကြိမ်မြောက် ကျင်းပမယ့် ရှမ်းတိုင်းရင်းသားတွေရဲ့ ညီလာခံမှာ၊ ရှမ်းပြည်နယ်အတွင်းမှာရှိကြတဲ့ တိုင်းရင်းသား အင်အားစုပေါင်းစုံပါဝင်မှာဖြစ်ကြောင်း၊ တိုင်းရင်းသားတွေအတွက် တည်မြဲတဲ့ငြိမ်းချမ်းရေး ရရှိဖို့လိုကြောင်း SNLD ပါတီက တင်ပြခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအတွက် ၁၉၉၄ခုနစ်ကတည်းက ကူညီထောက်ပံ့ပေးလာခဲ့တဲ့ မစ္စတာ ဂျော့ဆိုးရော့စ်နဲ့ အဖွဲ့ဟာ ဒီကနေ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။