အရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဗိုလ်တစ်ဦးကို အမှုဖွင့်ထား

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြိုနယ်ခွဲ မကျည်းကျောင်းဝကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံ နှစ်ဦး ကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ခလရ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက် ကို လူသတ်မှုနဲ့အမှုဖွင့်ထားတယ် လို့ ခေါဇာမြို့နယ်ခွဲရဲစခန်းမှူး က ပြောပါတယ်။

ခလရ ၂၈၀ က စစ်ဆင်ရေးလုပ်နေတုန်းမှာ ဓားပြနဲ့ မှားပြီးပစ်ခတ်မိတာဖြစ်ကြောင်း စစ်ဆေးတေ့ွရှိထားတယ် လို့ ခေါဇာရဲစခန်းမှူး ရဲအုပ်ကျော်မြင့် က ပြောပါတယ်။

"ဓါးမြတွေသောင်းကျန်းနေတဲ့အတွက် ခလရ ၂၈၀ က စစ်ဆင်ရေးလုပ်နေတယ်၊ ချောင်းဝဆိုတဲ့ ရွာလေးမှာ လူစုခွဲပြီး ကင်းပုန်းဝပ်နေတယ်၊ ဖြစ်တဲ့ညက ခြေထောက်ထော့နဲ့ ထော့နဲ့နဲ့လာတဲ့သူကို သူကပစ်လိုက်တဲ့အခါမှာ အဲ့လူလဲကျသွားတယ်။ နောက်တစ်ယောက်ကိုလည်း လှန်းပစ်လိုက် တယ်၊ ထော့နဲ့ထော့နဲ့ဖြစ်တဲ့လူကို စစ်လိုက်တဲ့အခါမှာ ကိုမိုး ဆိုတဲ့လူ လူမှားတာပေါ့လေ။ အဲ့ဒါနဲ့ ပတ်သက်လို့ လူသတ်မှုနဲ့ ဖွင့်ထားတာပေါ့ဗျာ"

ခေါဇာမြိုနယ်ခွဲဖက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေများပြီး ဓားပြတိုက်တာ၊ ပြန်ပေးဆွဲတာနဲ့ ဆက်ကြေးတောင်း တာတွေ မကြာခဏဖြစ်ပွားနေတယ်လို့လည်း ခေါဇာရဲစခန်းမှူးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူ ၂ ဦးမှာ တစ်ဦးက ခြေတစ်ဖက်ပြတ်နေသူ တံငါသည်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့ညက မကျည်းချောင်းဝကျေးရွာသား တံငါသည် ကိုမိုးနဲ့ ကိုချစ်စိုးတို့ဟာ ပင်လယ်ထဲ အသွားမှာ ခရလ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက်က ကိုမိုး ကို သေနတ်နဲ့ ပစ်ခတ်တာဖြစ်ပြီး ကိုချစ်စိုးက အော်ဟစ် အကူအညီတောင်းတာကြောင့် ကိုချစ်စိုးကိုပါ သေနတ်နဲ့ပစ်ခဲ့တာဖြစ်တယ်လို့ သေဆုံးသူ ကိုချစ်စိုးရဲ့ မိသားစု ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်ချုပ် ကြည်လွင်နဲ့ ပုလောပလောက်က တပ်ရင်း ၂၉၀ တပ်ရင်းမှူးတွေက သေဆုံးသူ နှစ်ဦးရဲ့မိသားစုတွေထံ ထောက်ပံ့ကြေးအဖြစ် တစ်မိသားစု ကို ငွေကျပ် ၅သိန်း၊ ဆန် ၂အိတ်နဲ့ ဆီ၂ပုံးစီ ပေးခဲ့ပါတယ်။