အရပ်သား သတ်ဖြတ်မှု တပ်ရင်းမှူးကို စစ်ဆေး

မွန်ပြည်နယ် ရေးမြို့နယ်၊ မန်ကျည်းချောင်းဝကျေးရွာမှာ တပ်မတော်အရာရှိတစ်ဦးက သေနတ်နဲ့ ပစ်ခတ် ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူအခွင့်ရေးကော်မရှင်က သွားရောက် စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက်ကြာ မေးမြန်းခဲ့တာဖြစ်ပြီး ဒေသခံ ၁၄ ဦး နဲ့ ခေါဇာ စခန်းမှူး၊ စစ်ဘက်က တပ်ရင်းမှူးကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော် က ပြောပါတယ်။

"ဖြစ်စဉ်ဖြစ်ခဲ့တဲ့နေရာတွေ တွေ့ခဲ့တာပေါ့လေ၊ အဲ့ဒီကနေ သူတို့ကိုပြခိုင်းတယ်၊ အဲ့ဒီက အရပ်သား ၁၄ ယောက်ကို ကျနော်စစ်ချက်ယူခဲ့ပါတယ်ခင်ဗျ၊ ခေါဇာစခန်းမှူးနဲ့ တပ်ရင်းမှူးပဲ မေးခဲ့ပါတယ်ခင်ဗျ၊ တွေ့ရှိ ချက်ကတော့ ကော်မရှင်ကို အရင်တင်ပြရပါမယ်"

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ညက မကျည်းချောင်းဝကျေးရွာသား တံငါသည် ကိုမိုးနဲ့ ကိုချစ်စိုးတို့ဟာ ခရလ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက် က သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေသခံ နှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ခလရ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက်ဟာ မှားယွင်းပစ်ခတ်မိ တာဖြစ်ကြောင်း၊ ခေါဇာမြို့နယ်ခွဲ ရဲစခန်းမှာ ဝန်ခံထားပြီး စစ်ဖက်ဆိုင်ရာခုံရုံးထံ အရေးယူပေးဖို့ လွဲှပြောင်းပေးထားပါတယ်။

ဒီကိစ္စကို တရားမျှတစွာ ဖြေရှင်းပေးဖို့ ဒေသခံ ကျေးရွာသားတွေက ဆုတောင်းပွဲ ၂ ကြိမ်ကျင်းပခဲ့ပါတယ်။