သံတွဲမှာ စစ်တပ်လယ်သိမ်းမှု တကိုယ်တော်ဆန္ဒပြ တောင်းဆို

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဟိုတယ်တွေ တည်ဆောက်မယ်ဆိုပြီး တပ်မတော်က သိမ်းဆည်းထားတဲ့ မြေယာတွေကိုပြန်ပေးဖို့ သံတွဲမြို့ခံ ကိုစိုးဝေဟာ ဒီနေ့ နေ့လည်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

သံတွဲမြို့ နည်းပညာကောလိပ်အနီးမှာ သိမ်းဆည်းထားတဲ့ မြေယာတွေ အခုပြန်ပေးဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူ ကိုစိုးဝေက RFA ကို အခုလိုပြောပါတယ်။

“ကျနော်တို့ တစ်နိုင်ငံလုံးမှာ မြေယာတွေ အဓမ္မသိမ်းထားတယ်ပေါ့၊ အသိမ်းခံပြီးတဲ့နောက်ပိုင်းမှာ ဒီမြေယာပေါ်မှာ လုပ်ကိုင်စားသောက်ခဲ့တဲ့ မိသားစုတွေရဲ့ သားစဉ်မြေးဆက်တွေဘဝ သူတို့တွေ ဘာတွေလုပ်ကိုင်ပြီးတော့ စားသောက်ကြတယ်ပေါ့ဗျာ၊ အဲဒါကို အများပြည်သူ သတိထားပြီးသိစေချင်လို့ မီးမောင်းထိုးပြတာပါ”

လွန်ခဲ့တဲ့ ၁၉၉ဝ ခုနှစ်တွေအတွင်းက သံတွဲမြို့နယ်မှာ တပ်မတော်က မြေဧကသောင်းနဲ့ချီပြီး သိမ်းယူခဲ့ရာမှာ လျော်ကြေးပေးခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။

အဲဒီမြေတွေမှာ ဟိုတယ်ဆောက်ထားတာတွေရှိသလို ကျန်တဲ့မြေတွေကိုလည်း စစ်တပ်က သီးစားချထားတာတွေလည်း ရှိတယ်လို့လည်းသိရပါတယ်။

ကိုစိုးဝေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကလည်း သံတွဲမြို့မှာ ဆန္ဒပြခဲ့တဲ့အတွက် မြို့နယ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီး ပုဒ်မ ၁၈ နဲ့ တရားမဝင်စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရသူလည်းဖြစ်ပါတယ်။ ဒီနေ့ သူ့အမှုရုံးချိန်းအပြီးမှာ အခုလို ထပ်မံဆန္ဒပြခဲ့တာဖြစ်ပါတယ်။