သံတွဲမြို့မှာ ရှစ်လေးလုံးနေ့ ဆန္ဒပြသူတစ်ဦး ဖမ်းဆီးခံရ

ဒီကနေ့ ကျရောက်တဲ့ ၈လေးလုံးငွေရတုနေ့ အထိမ်းအမှတ်အနေနဲ့ တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒီကနေ့ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖေါ်တဲ့ ရခိုင်ပြည်နယ် သံတွဲမြို့ခံတစ်ဦးဖြစ်သူ ကိုစိုးေဝကို ဒေသခံရဲတွေက အတင်းအဓမ္မ ကားပေါ်တင်ပြီး ဖမ်းဆီးလိုက်ပါတယ်။

သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဆိုတဲ့ စာတန်းကိုကိုင်ဆောင်ပြီး ဒီကနေ့ နေ့လည် ၂ နာရီအချိန်ကစတင်ကာ သံတွဲလေဆိပ်ကနေ ငပလီလမ်းဆုံအထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြရာ အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ မျက်မြင်တစ်ဦးဖြစ်သူ သံတွဲမြို့ခံ ကိုမိုးမြင့်က RFA ကိုပြောပါတယ်။

"သူက ၂ နာရီကတည်းက စထွက်တယ်၊ စထွက်ပြီးတော့ ပါးစပ်ကလည်းအော်တယ်၊ မြေသိမ်း ယာသိမ်း အခုပြန်ပေး ဆိုပြီးတော့ အော်ပြီးထွက်လာတယ်၊ အဲဒါနဲ့ လမ်းလျှောက်လာတော့ ၁၅ မိနစ်လောက် လျှောက်လိုက်ရတယ်၊ ငပလီရဲရိပ်သာရှေ့ရောက်တဲ့အခါ ကားတစ်စီးက အဆင်သင့်အနောက်ကနေ ကပ်ပါလပြီး လာလာအကိုကားပေါ်တက်ပါဆိုပြီးတော့ ကားနဲ့တင်ခေါ်သွားတယ် "

အာဏာပိုင်တွေနနဲ့ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒပြသူ ကိုစိုးဝေကို ဂျိတ်တောရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းမှာ ကမ်းခြေတစ်လျှောက် ဟိုတယ်တွေဆောက်မယ်ဆိုပြီး စစ်တပ်အဆင့်မြင့်အရာရှိတွေ သိမ်းဆည်းထားတဲ့ အုန်းခြံနဲ့ မြေယာတွေ ဧကပေါင်းသောင်းချီရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။