လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဖော်နေတဲ့ ကော်မတီက လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ဒေသခံလယ်သမားတွေကို လျော်ကြေးငွေတွေ ပေးအပ်နေရာမှာ တစ်ချို့ကလက်မခံဘူးလို့ RFA ကို ပြောပါတယ်။
လက်မခံသူ ဒေသခံတွေအဆိုအရ ကော်မတီရဲ့စာချုပ်မှာ လယ်ယာမြေတွေကို ရာသက်ပန်ပေးအပ်ဖို့ ပါရှိတဲ့အတွက် စီမံကိန်းဧရိယာတွင်းက ကျေးရွာအတော်များများ လက်မခံကြဘူးလို့ ဆည်တဲရွာသူ မအေးနက်က ပြောပါတယ်။
တစ်ချိန်တည်းမှာလည်း လုပ်ငန်းအကောင်အထည်ဖေါ်နေတဲ့ ကော်မတီက ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဆားလင်းကြီးမြို့နယ် ဖောင်းကတာရွာနဲ့ ရွာရှည်ကျေးရွာအုပ်စုတွေက တောင်သူစုစုပေါင်း ၁၆၃ ဥၤီးကို လျော်ကြေးငွေ ကျပ်သိန်း ၅၆၀၀ နီးပါးပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့က သတင်းထုတ်ပြန် ကြေညာထားပါတယ်။
စီမံကိန်းဧရိယာတွင်းက ကန်ကုန်းကျေးရွာ၊ ဆည်တဲကျေးရွာနဲ့ တုံရွာတို့ကိုတော့ အခုထိ လျော်ကြေးငွေပေးအပ်တာ မရှိသေးဘူးလို့လည်း သိရပါတယ်။
အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီက ဆည်ရေသောက်မြေကို တစ် ဧက ၁၅ သိန်း၊ ဦးပိုင်အမည်ပေါက်ယာမြေကို ၁၂ သိန်း၊ ဦးပိုင်အမည်လည်း မပေါက်၊ တရားလည်းမဝင်ဘဲ တောင်သူတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြေတွေကို တဧကကျပ် ၁ဝ သိန်းစီ အမျိုးအစားသတ်မှတ်ပြီး လျော်ကြေးပေးတဲ့ အစီအစဉ်ကို မတ်လ ၁၆ ရက်နေ့မှာ စတင်နေတာဖြစ်ပါတယ်။
လျော်ကြေးငွေပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိက ဒေသခံတွေတစ်ချို့ကို မေးမြန်းတင်ပြထားပါတယ်။
