လူ့အခွင့်အရေးအတွက် မဆုတ်မနစ်တဲ့ လုံ့လနဲ့ တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက တက္ကသိုလ်တွေကလည်း အင်မတန် လေးစား စံပြုကြတယ်လို့ တောင်အာဖရိက အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Free Burma Campaign အဖွဲ့ဝင် ကိုမျိုးနိုင်က ပြောပါတယ်။ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ကနေ အင်တာနက် ဗီဒီယိုက တဆင့် တိုက်ရိုက် မိန့်ခွန်းပြောဆိုမှာ ဖြစ်သလို မေးခွန်းတွေကိုလည်း ပြန်လည် ဖြေကြားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခမ်းအနား အစီအစဉ်မှာ သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ ဗီဒီယို မိန့်ခွန်းကိုလည်း ပြသမှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ တက္ကသိုလ်ရဲ့ ဘွဲနှင်းသဘင် အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ ခမ်းခမ်းနားနား ချီးမြှင့်မယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အဝေးရောက် ညွန့်ပေါင်း အစိုးရဝန်ကြီးချုပ် ဦးစိန်ဝင်းက ဂုဏ်ပြုဘွဲ့ကို လက်ခံရယူမှာ ဖြစ်ပါတယ်။
