ဒဂုံမြို့သစ်တောင်ပိုင်း၊ ကြည်စုအနောက်ရွာ လယ်သမားတွေက စိုက်ပျိုးစရိတ်ဘဏ်ချေးငွေ ရရှိရေးအတွက် ကျေးရွာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီမှာ တင်ပြခဲ့ပေမယ့် လက်မခံကြတဲ့အတွက် ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်း ၁၈ ကွေ့ကနေ ၂၅ ရပ်ကွက်အထိ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြတာလို့
ဒီဆန္ဒပြပွဲမှာပါဝင်တဲ့ ကြည်စုရွာက လယ်သမား ကိုလှတိုးက RFA ကို အခုလိုပြောပါတယ်။
"ကျနော်တို့ လယ်သမားတွေက သူဌေးဆီကနေ အတိုး ၃ဝ နှုန်းနဲ့ ဆွဲရတယ်၊ ဘဏ်ချေးငွေဆိုရင် အတိုးနှုန်းက ပြား ၇ဝ နှုန်းပဲရှိပါတယ်၊ စိုက်ပျိုးရေဘဏ်ကနေငွေချေးဖို့ ပြီးခဲ့တဲ့နှစ်ကလိုက်တဲ့အခါ အုပ်ချုပ်ရေးမှူးရဲ့လက်မှတ်၊ တောင်ဒဂုံ မရက ရဲ့လက်မှတ်ရရင် ချေးပေးပါ့မယ်လို့ပြောတယ်၊ မရတဲ့အခါကျတော့ အုပ်ချုပ်ရေးမှူးကနေ မြို့ပြအင်အားဆိုပြီးတော့ သူကပယ်ချပစ်လိုက်တာပေါ့၊ ကျနော်တို့ငွေရရှိရေးရယ်၊ အုပ်ချုပ်ရေးမှူးပိုင်းရယ်၊ မရက လက်မှတ်ရောပေါ့၊ အဲဒါမရလို့ ခုလိုဆန္ဒပြရတာပါ"
လယ်ဧက တစ်ထောင်နီးပါးရှိတဲ့ လယ်မြေတွေအတွက် စိုက်ပျိုးစရိတ်ဘဏ်ချေးငွေကို လွန်ခဲ့တဲ့ ၁၀နှစ် လောက်ကတည်းက မရရှိတော့တာဖြစ်တယ်လို့ ပြောကြပါတယ်။
ချေးငွေပြန်လည်ရရှိရေးအတွက် ၂၀၁၂ခုနှစ်ကတည်းက အုပ်ချုပ်ရေးမှူးတွေဆီမှာ အကူအညီ တောင်းခံခဲ့ပေမယ့် ဆောင်ရွက်မပေးခဲ့ဘူးလို့ သိရပါတယ်။
အဲဒီရွာမှာ လယ်ဧက က တစ် ထောင်နီးပါးရှိပြီး၊ ဘဏ်ချေးငွေမရရှိတာကြောင့် တောင်သူတွေဟာ ပုဂ္ဂလိကငွေချေးသူတွေထံက ငွေတိုးနဲ့ ချေးယူလုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနထံက ခွင့်ပြုချက်ရယူပြီး ဒီကနေ့ စုပေါင်းဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။