လာမယ့် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း မဲရုံပေါင်းတစ်ထောင်နီးပါးရှိမှာဖြစ်ပြီး အဲဒီအထဲမှာ အကြောင်း အမျိုးမျိုးကြောင့် အကြမ်းဖက်မှုတွေဖြစ်လာနိုင်တဲ့ မဲရုံ ၉၀ ကျော်ရှိနေတယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီကနေ့ မော်လမြိုင်မြို့က ပြည်နယ်ခန်းမမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ အဆင်ပြေချောမွေ့ရေး ညှိနှိုင်းဆွေးနွေးပွဲမှာ ရဲတပ်ဖွဲ့၊ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးက သူတို့ စီစဉ်ထားတာကို အခုလို ပြောပါတယ်။
"မဲရုံး ၉၁၉ ရုံးနဲ့ ပတ်သက်ပြီးတော့မှ ၁၉၄၅ ခုနှစ် ရဲဥပဒေပုဒ်မ ၂၇၊ ၂၈ အရ တရားဝင်ခန့်အပ်ထားတဲ့ Special Police လို့ခေါ်တဲ့ အထူးရဲရှိပါတယ်၊ ဒီအထူးရဲတွေကိုလည်း ၉၁၉ ဦး ခန့်ထားပြီးဖြစ်ပါတယ်၊ ပထမတော့ သူ့ကို ၃ လသတ်မှတ်ပါတယ်၊ သို့သော် နိုင်ငံတော်ဘတ်ဂျက်က တစ်လသက်တမ်းမှာတင် သန်း ၂ဝ လောက် ကုန်နေတဲ့ အတွက် တစ်လသက်တမ်းပဲ ပြန်သတ်မှတ်ပါတယ်"
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့ မွန်ပြည်နယ်အတွင်းက ကျိုက်မရော၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ စတဲ့မြို့နယ်တွေက မဲရုံတွေမှာ ရုတ်တရက်အကြမ်းဖက်မှုတွေ ကြုံလာနိုင်တယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့က ယူဆထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲအတွက် ခန့်အပ်ထားတဲ့ အထူးရဲ တစ်ထောင်အပြင် ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၀၀ ကျော် ဟာ ရွေးကောက်ပွဲလုံခြုံရေးအတွက် တာဝန်ယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမဲဆွယ်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ယူနီဖောင်းနဲ့ အနီးကပ်လိုက်တဲ့အတွက် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရာမှာ လာရဲသူမရှိကြောင်းလည်း ဒီကနေ့ ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်လောင်း ဒေါ်တင်မာမာလွင် က ဆွေးနွေးခဲ့ပါတယ်။
မွန်ပြည်နယ်မှာ သထုံခရိုင်နဲ့ မော်လမြိုင်ခရိုင် နှစ်ခုရှိပြီး မြို့နယ် ၁၀ မြို့နယ် ရှိပါတယ်။