မသန်စွမ်းသူတွေအတွက် သီးသန့်မဲရုံတွေ ထားပေးဖို့ တောင်းဆိုမည်

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေအတွက် မဲရုံဝန်ထမ်းတွေရဲ့ အကူအညီမလိုဘဲ မဲပေးလို့ရမယ့် သီးသန့်မဲရုံတွေထားပေးဖို့ တောင်းဆိုသွားမယ်လို့ မသန်စွမ်းအဖွဲ့အစည်းတွေက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့နဲ့ လာမယ့် ဇွန်လ ၁၇ရက်နေ့ မှာ တွေ့ဆုံဆွေးနွေးတဲ့အခါ တင်ပြသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ဒါရိုက်တာ ဦးနေလင်းစိုးက ပြောပါတယ်။

"အသေးစိတ်ဆွေးနွေးမယ့် အချက်အလက်၊လုပ်ငန်းစဉ်တွေက အမြင်အာရုံမှာဆိုရင် မျက်မမြင်မဲပေးတဲ့ ကိစ္စတွေ အဆင်ပြေဖို့၊ မျက်မမြင်လက်ကမ်းစာစောင်နဲ့ မဲလက်မှတ်တွေမှာ သူတို့တွေလုံခြုံစိတ်ချစွာ မဲပေးနိုင်အောင် နောက်ကိုယ်အင်္ဂါမသန်စွမ်းတဲ့သူတွေမှာ မဲရုံတွေဝင်ထွက်သွားလာအဆင်ပြေဖို့၊ မဲရုံအသုံးအဆောင်တွေထားပေးဖို့၊ စံပြမဲရုံတချို့ဖော်ဆောင်ပေးဖို့ ၊နားမကြားမဲဆန္ဒရှင်တွေအတွက် သတင်းအချက်အလက်သိနိုင်အောင် ဆောင်ရွက်ပေးဖို့နဲ့ နောက်ဉာဏ်ရည်မသန်စွမ်းနဲ့ ပတ်သက်ရင်လည်း သူတို့ဆုံးရှုံးနေတဲ့ အခွင့်အရေးတချို့ကို ကျယ်ကျယ်ပြန့်ပြန့်တင်ပြဖို့ပေါ့"

အဲ့ဒီဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး မျက်မမြင်၊ ဆွံ့အနားမကြား၊ ဉာဏ်ရည်မသန်စွမ်း၊ ကိုယ်အင်္ဂါမသန်စွမ်း စတဲ့အဖွဲ့အစည်းတွေ ၄ ခုစီထဲက ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းလူဦးရေ ၂ သန်းကျော်လောက်ရှိပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲရုံဝန်ထမ်း၊ မိသားစုဝင်တစ်ဦးဦးရဲ့ အကူအညီနဲ့ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။