သံဃာ ဦးစီးတဲ့သင်တန်း ဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှု မရှိ

ဦးဣဒ္ဓိပါလ အမည်ရှိ သံဃာတပါး ဦးစီးပြီး မြန်မာနိုင်ငံမှာ ဖွင့်လှစ်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းဟာ ဗုဒ္ဓဘာသာရဲ့ လမ်းညွှန်ချက်နဲ့ ကိုက်ညီမှု မရှိတဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့က ဇန်နဝါရီလ ၁၆ ရက် နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

အခုလို ဆန့်ကျင် ရှုတ်ချရတာနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာတော် ဦးပဉ္စာဉာဏက မိန့်ကြားတာက

"ဒီသင်တန်းနဲ့ ပတ်သက်လို့ ဘာသာရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ဦးဇင်းတို့ မြတ်စွာဘုရား ဟောထားတာနဲ့ မလျော်ညီဘူး။ ဖွင့်တာက ဘုန်းကြီးမဟုတ်ဘဲနဲ့ လူတယောက်အနေနဲ့ ဆိုရင် သင့်တော်ပါတယ်။ အခုဟာက ရဟန်းတပါးအနေနဲ့ စိတ်ဓာတ်မြှင့်တင်ရေး စကားနဲ့လိုက်တဲ့ တခြားပုံစံမျိုးနဲ့ဆိုရင် လိုက်ပါတယ်။ အခုက ဒီဗီဒီယိုတွေ ကြည့်ရတာကိုက မသင့်တော်လို့ပါ။ နောက် ဘာသာရေးခေါင်းဆောင် ဘုန်းကြီးအနေနဲ့ လုပ်တဲ့ကိစ္စဟာလည်း ဘာသာရေးနဲ့ ဘယ်လိုမှ ဆက်စပ်မှု မတွေ့ဘူးပေါ့"

အဲဒီသင်တန်းက လုပ်ဆောင်ချက်တွေဟာ ထေရဝါဒ ဗုဒ္ဓဘာသာ၊ ထေရဝါဒ ရဟန်းတော်တပါးရဲ့ ကျင့်ဝတ် သိက္ခာတွေနဲ့ ဖီလာ ဆန့်ကျင်နေတဲ့အတွက် သံဃာ့မဟာနာယက အဖွဲ့က အမြန်ဆုံး ဝင်ရောက်ဖြေရှင်း ဆောင်ရွက်ပေးသင့်တယ်လို့ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

အလားတူ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော်များအဖွဲ့၊ အိန္ဒိယဌာနခွဲ၊ ထိုင်းနိုင်ငံ ဌာနခွဲတွေကလည်း အဲဒီ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းကို ပြစ်တင်ရှုတ်ချထားတဲ့ ကြေညာချက်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။