ရှမ်းပြည်တောင်ပိုင်းမှာ မကြာခင် ချမှတ်လုပ်ဆောင်တော့မယ့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်နဲ့ပတ်သက်လို့ အစိုးရဘက်က လုံခြုံရေးပိုင်းဆိုင်ရာကိစ္စမှာ RCSS/SSA တောင်ပိုင်းအဖွဲ့ကို ပါဝင်ခွင့်မပေးဘူး ဆိုတဲ့အတွက် ရှမ်းအဖွဲ့က သူတို့နယ်မြေအတွင်းမှာ အစိုးရစစ်တပ်တွေ နေရာယူလာမှာကို စိုးရိမ်နေတယ်လို့သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်းမိုင်းဆတ်နဲ့ မိုင်းတုံ ခရိုင်အတွင်း UNODC နဲ့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တွေက မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းတွေကို မကြာခင်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလုပ်ငန်းမှာ အစိုးရအဏာပိုင်အဖွဲ့တွေက RCSS/SSA တောင်ပိုင်းအဖွဲ့ကို ၂ဖက် သဘောတူညီချက်ရှိခဲ့ပေမဲ့ လုံခြုံရေးအဖွဲ့အနေနဲ့ ပါဝင်ခွင့်မပေးတဲ့အကြောင်း အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလောင်ဆိုင်းက ပြောပါတယ်။
"၁၁လပိုင်း ၂၅ ရက်နေ့မှာ တာချီလိတ်မှာ UNODC နဲ့မြန်မာနိုင်ငံမူးယစ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးတာတွေရှိပါတယ် ။ မူယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ကို ပူးပေါင်းပြီးဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့ကလဲ တတပ်တအားနဲ့ပါဝင်ဖို့ဆန္ဒရှိတယ် ဆိုတာကို မူအားဖြင့် အစိုးရရော UNODC ရော သဘောတူထားတာရှိတယ် ။ ဒါပေမဲ့ လုံခြုံရေးပိုင်းမှာလဲ ကျနော်တို့က ပူးပေါင်းပါဝင်ချင်တယ်ဆိုတာမှာခံ နေပါတယ် သူတို့က ကျနော်တို့ကို လက်နက်ကိုင်ဆောင်ပြီးတော့ လုံခြုံရေးကိစ္စမှာ ပါဝင်ဆောင်ရွက်ခွင့်မပြုနိုင်ပါဘူးဆိုပြီးတော့ ပြောထားပါတယ် မြန်မာနိုင်ငံမူးယစ်အဖွဲ့ရယ်၊ နောက် ဒေသခံအာဏာပိုင်ဖြစ်တဲ့ တပ်ပိုင်းဆိုင်ရာ၊ နယ်စပ်ရေးရာဝန်ကြီး ဦးအောင်သူတို့ပါပါတယ်"
အခုလို မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စမှာ ရှမ်းပြည်တောင်ပိုင်းက လက်နက်ကိုင်တပ်တွေ ပါဝင်ခွင့်မပေးရတဲ့ အဓိက အကြောင်းအရင်းကို မသိရပေမဲ့ အဲဒီမှာ အတူပါလာမဲ့ အစိုးရလုံခြုံရေးတပ်တွေ က စစ်ရေးအရ နယ်မြေစိုးမိုးရေး လုပ်လာမှာ စိုးရိမ်တယ်လို့ ဗိုလ်မှုးစိုင်းလောင်ဆိုင်းက ဆက်ပြောပြပါတယ်။
"ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဘန်းပြပြီးတော့ မလိုလားတဲ့လက်နက်ကိုင် တပ်ဖွဲ့ နယ်မြေတိုးချဲ့ရေးတို့ တပ်စွဲတာတို့ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတော့ အဲဒီအတွက်ကြောင့် ဖြစ်လာမဲ့အခြေအနေတွေကို ကျနော်တို့က မကြိုဆိုပါဘူးဆိုတဲ့အကြောင်းပြောလိုပါတယ်။ အမှန်တကယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေ ဖေါ်ဆောင်မယ်ဆိုရင် ကျနော်တို့ရှိတဲ့ဒေသမှာဆိုရင် ကျနော်တို့နဲ့အတူ လက်တွဲပြီးဖေါ်ဆောင်ဖို့ တောင်းဆိုထားပါတယ်"
ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်နဲ့ မိုးတုံ ခရိုင်အတွင်းမှာ UNODC နဲ့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ဟာ သူတို့ရဲ့လုပ်ငန်းတွေ မကြာခင် လုပ်ဆောင်တော့မှာ ဖြစ်ပေမဲ့ ဘယ်အချိန် စတင်လုပ်မယ်ဆိုတာ ကိုတော့ အတိအကျမသိရသေးပါဘူး။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တောင်ပိုင်းအဖွဲ့နဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ ၂၀၁၂ ခုနှစ် ဇန္န၀ါရီလမှာ သဘောတူလက်မှတ်ထိုးခဲ့တဲ့အထဲမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့အချက်လဲ ပါဝင်နေတဲ့ကြားက အခုလို သတင်းပေါ်ထွက်လာတာ ဖြစ်ပါတယ်။