SSA နဲ့ အစိုးရကြား တိုက်ပွဲငယ်တွေ ဆက်ဖြစ်နေ

SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရသစ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်ပေမယ့် တပ်ဖွဲ့တွေကြားမှာ တိုက်ပွဲငယ်တွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

2012.02.20
ssa-training-hq305.jpg SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းတွင် ၂၀၀၃ ခုနှစ် နိုဝင်ဘာလက SSA နှင့် မဟာမိတ် တိုင်းရင်းသား တပ်ဖွဲ့ ၆ ဖွဲ့တို့၏ ပထမဆုံး ဗိုလ်လောင်းသင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားသို့ ချီတက်လာကြသော တပ်ပေါင်းစုကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA
RFA

တနင်္ဂနွေနေ့က မိုင်းပြင်းမြို့နယ်၊ မိုင်းဟဲတိုက်နယ်အတွင်းမှာ တစ်ကြိမ်၊ သီပေါမြို့နယ်အတွင်းမှာ တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး SSA ဘက်က ဒုဗိုလ် စိုင်းတလုံ ကျဆုံးခဲ့ကြောင်း ရှမ်းပြည်တောင်ပိုင်း တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

SSA တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက ပြည်နယ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးအပါအဝင် အချက် ၄ ချက်ကို သဘောတူ လက်မှတ်ထိုးခဲ့ကြပြီး ဇန်နဝါရီ လလယ်ပိုင်းမှာတော့ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ဒုတိယအဆင့် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။

အစိုးရနဲ့ သဘောတူညီချက်တွေ ရရှိထားပေမယ့် ရှမ်းပြည်နယ်အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာလည်း အလားတူ တိုက်ပွဲတွေ ဖြစ်ပေါ်နေတာ ကြားသိ နေရတဲ့အတွက် လက်ရှိ အခြေအနေအပေါ် သံသယ ဖြစ်ရကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

အခုလ ၆ ရက်နဲ့ ၇ ရက်တုန်းကလည်း တာချီလိတ်မြို့နယ်နဲ့ မိုင်းဆတ်မြို့နယ်တွေမှာရှိတဲ့ SSA အခြေစိုက် စခန်းတွေကို အစိုးရတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ SSA ဗဟိုဌာနချူပ်က အစိုးရ တြိဂံတိုင်းကို ကန့်ကွက်စာ တစ်စောင် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

အပစ်ရပ် လက်မှတ် ရေးထိုးခဲ့ချိန်ကနေ အခုထိ SSA နဲ့ အစိုးရတပ်တွေကြား ပစ်ခတ်မှု ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့် ပေးပို့ခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။