ရှမ်းပြည် တိုးတက်ရေး ပါတီနဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးမယ်

မိမိတို့ ဗဟိုကိုယ်စားလှယ် အဖွဲ့နဲ့ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ မကြာခင် တွေ့ဆုံ ဆွေးနွေးတော့မယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA-မြောက်ပိုင်းတပ်ဖွဲ့က မနေ့က ပြောဆိုလိုက် ပါတယ်။

တောင်းဆိုသွားမည့် အချက်တွေကို မဆုံးဖြတ်ရသေးပေမဲ့ SSA ရှမ်းပြည် မြောက်ပိုင်း တပ်ဖွဲ့ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလ က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လာမည့် ဇန်နဝါရီ ၂၈ ရက်မှာ တရားဝင် တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အတည်ပြု ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁၇ ရက်နေ့က စပြီး SSA ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ ဗဟို ကော်မတီဝင်တွေနဲ့ တပ်မှူး ၆၀ လောက် ဟာ ဝမ်းဟိုင်း ဌာနချူပ်မှာ အရေးပေါ် အစည်းအဝေး တစ်ခု ကျင်းပနေပြီး အဖွဲ့ဝင် (၇) ဦးပါတဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။အဲဒီအဖွဲ့ကို ဗိုလ်မှူးကြီး ခွန်ဆရန်းမ် က ဦးဆောင်မှာ ဖြစ်ပါတယ်။ တွေ့ဆုံ ဆွေးနွေးမယ် ဆိုတာကိုလည်း ဇန်နဝါရီလ (၂၂) ရက်နေ့ ရက်စွဲ နဲ့ လူထုထံ အသိပေး အကြောင်းစာ တစ်စောင် ထုတ်ပြန်ခဲ့ ပါတယ်။ အခုလို နှစ်ဖက် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်သွားရတာဟာ ဒေသခံ လူထုရဲ့ သဘောထား ကောက်ယူ ခဲ့ရာမှာ ၇၀ ရာခိုင်နှုန်းကျော်က ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ဖော်ဆောင်ဖို့ ထောက်ခံခဲ့ကြသလို၊ အစိုးရနဲ့ ပဏာမ တွေ့ဆုံခဲ့စဉ်က မိမိတို့ တောင်းဆိုခဲ့တာတွေကို လိုက်လျောခဲ့တာတွေကြောင့် ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။ လက်ရှိ ဝမ်းဟိုင်း ဌာနချုပ်မှာ အုပ်ချုပ်ရေးပိုင်း၊ တပ်ပိုင်း ဆိုင်ရာနဲ့ ပါတီနိုင်ငံရေး အခြေအနေတွေကို ဆက်လက် ဆွေးနွေးနေကြပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။