ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆာင် ဗိုလ်မှူးကြီး အောင်သူ ဦးဆောင်တဲ့ ၅ ဦးပါအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် စောဝ်ခွန်ဆရမ် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ တောင်ကြီးမြို့ ပြည်နယ် ၀န်ကြီးချုပ်ရုံးမှာ ဒီကနေ့ နေ့လည် ၂ နာရီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅ ချက် သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောပါတယ်။
ဒါ့အပြင် လိုအပ်တဲ့ နေရာတွေမှာလည်း ဆက်ဆံရေးရုံးတွေ ဖွင့်သွားမှာဖြစ်သလို သဘော တူညီထားတဲ့ နယ်မြေကလွဲလို့ တခြားနယ်မြေတွေကို သွားလာလိုလျှင် လက်နက်ကိုင်ဆောင် သွားလာခွင့်ကို နှစ်ဘက်ကြိုတင် ညှိနှိုင်း ဆောင်ရွက်သွားဖို့နဲ့ ပြည်တောင်စုအဆင့် တာဝန်ရှိသူတွေနဲ့ နှစ်ဘက် အဆင်ပြေချိန်မှာ တွေ့ဆုံပြီး နယ်မြေတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ တပ်ဖွဲ့ဝင်များ အခြေချ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး အပါအ၀င် ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။
တဆက်တည်းမှာပဲ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ၆ ဦးပါအဖွဲ့နဲ့ SSA ရှမ်းပြည် မြောက်ပိုင်းငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် ၅ ဦးတို့ဆက်လက် တွေ့ဆုံခဲ့ကြပြီး အချက် ၅ ချက်ပါ သဘော တူညီချက်တွေကို ညနေ ၄ နာရီမှာ နှစ်ဖက် ကိုယ်စားလှယ်တွေ လက်မှတ် ထိုးခဲ့ကြတယ်လို့ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။
ဒါ့အပြင် မူးယစ် ဆေးဝါးကင်းစင် ပပျောက်ရေး အတွက် ပြည်တောင်စု အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အပါအ၀င် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးနဲ့ ဆက်လက် ဆွေးနွေးမှုတွေ လုပ်သွားဖို့ နှစ်ဘက် သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။