ရှမ်းပြည်နယ် တိုက်ပွဲများ အရေး SSPP အဖွဲ့ကြားဝင် ညှိနှိုင်းမည်

0:00 / 0:00

ရှမ်းပြည်နယ်ထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့နဲ့ တအာင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုတွေ ရပ်စဲဖို့အတွက် RCSS အဖွဲ့အနေနဲ့ ဆွေးနွေးဖို့အဆင်သင့်ရှိကြောင်း SSPP ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ဆေထင် ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးအပြီး ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ SSPP အဖွဲ့ရဲ့ နာယကလည်းဖြစ် SSJAC ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင် ဗိုလ်ချုပ်ဆေထင် ဦးဆောင်တ ဲ့SSJAC အဖွဲ့ဝင်တွေနဲ့ RCSS အဖွဲ့က ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွတ်ဆစ် ဦးဆောင်တဲ့အဖွဲ့တို့ဟာ မနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အခြေအနေနဲ့ နိုင်ငံရေးအခြေအနေတွေ၊ ရှမ်းပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည်အရေးကိစ္စနဲ့ PSLF/TNLA အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ RCSS အကြားဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခတွေပါတဲ့ အချက်သုံးချက်ကို အဓိကဆွေးနွေးခဲ့ပြီး နှစ်ဖက်ရလာဒ်ရရှိခဲ့တာနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ ရဲ့ ပြောရေးဆိုခွင့်ရှိသူ RCSS အဖွဲ့က ဗိုလ်မှူး စိုင်းမိဏ်း က ပြောပါတယ်။

“ကျနော်တို့ ရှေ့အနာဂတ် နိုင်ငံရေးအပြောင်းအလဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကျနော်တို့ ရှမ်းပြည် အနေနဲ့ ဖက်ဒရယ်မူကို ဘယ်လိုမူမျိုးအနေနဲ့ ကျနော်တို့ ရှမ်းပြည်မှာ သုံးစွဲမလဲ၊ ပြီးတော့ ပြည်ထောင်စု အတွက် ကျနော်တို့ ဘယ်လိုမျိုး အတူတကွ ဆွေးနွေးသွားကြမလဲဆိုတဲ့ဒီမူကို ရှေ့ဆက်ဆွေးနွေးသွားဖို့ ဆိုပြီးတော့ အမြင်သဘောထား တူညီမှုရရှိခဲ့ပါတယ်၊ ၂ အချက်ကတော့ အခု စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ လက်တလောအခြေအနေမှာ ကျနော်တို့ ဘယ်လို အကူအညီပေးနိုင်မလဲ၊ စစ်ပြေးဒုက္ခ သည်တွေကို ဒီလောက် ကူညီရုံနဲ့မပြီးသေးဘူးပေါ့၊ တိုက်ပွဲတွေ ရပ်တန့်နိုင်မှ ပြည်သူလူထုတွေ အတွက် အေးချမ်းနိုင်မယ်၊ သူတို့နေရပ်ကို ပြန်နိုင်မယ်လို့ ကျနော်တို့ မြင်ကြတယ်၊ ဒီမူသဘောထားကို တူညီကြပါတယ်၊ ၃ အချက်ကတော့ ကျနော်တို့ TNLA နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်ကို ကျနော်တို့အနေနဲ့ ရှမ်းပြည်သားချင်းဖြစ်တယ် ဒါကြောင့်မို့ ကျနော်တို့ RCSS အနေနဲ့လည်း တွေ့ဆုံဖို့အတွက် အခု ကျနော်တို့ လက်ခံတယ် ပြီးတော့ ကျနော်တို့ဖက်က အဆင်သင့်ဖြစ်ပါတယ်“

ဆွေးနွေးပွဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဖက်က ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်ပြီး RCSS ဒုဥက္ကဌ အပါအဝင် ထိပ်သီးခေါင်းဆောင် ၉ ယောက် တက်ရောက်ခဲ့ပြီး SSJAC လို့ခေါ်တဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ဗိုလ်ချုပ် ဆေထင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ယောက် တက်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တအာင်း ပလောင်လွတ်မြောက်ရေးတပ်မတော် PSLF/TNLA အဖွဲ့ရဲ့ နိုင်ငံခြားရေးရာဌာနတာဝန်ခံ တာဘန်လ ကတော့ ရှမ်းပြည်နယ်ထဲက ပလောင်ဒေသမှာ အရင်က RCSS အဖွဲ့ဝင်တွေဟာ အနည်းငယ်သာရှိပြီး NCA လက်မှတ်ရေးထိုးပြီးချိန်ကစပြီး အင်အားတိုးချဲ့လာရာက တိုက်ပွဲတွေဖြစ်ပွားလာတာဖြစ်တဲ့အတွက် စစ်ပွဲတွေမဖြစ်ပွားဖို့ဆိုရင် မူလအတိုင်းပြန်နေရင် ငြိမ်းချမ်းသွားမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ဖက်က လိုလားတာကတော့ ဒီ NCA မထိုးခင်တုန်းက အခြေအနေမျိုး RCSS ဖက်က ပြန် ပြီးတော့ နေပေးမယ်ဆိုရင်တော့ ဒီတိုက်ပွဲက ငြိမ်သက်သွားနိုင်တယ်၊ ရပ်တန့်သွားနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ကာ NCA မထိုးခင်တုန်း အခြေအနေဆိုရင် ဒီအခု နမ့်ခမ်းဖက်မှာဆိုရင် RCSS က အယောက် ၃ဝ လောက်ပဲရှိပြီးတော့ ဒီ ကျောက်မဲဖက်မှာဆိုရင် အယောက် ၅ဝ လောက်ပဲရှိတယ်၊ NCA ထိုးပြီးမှသာ ရုတ်တရက် ဒီ အင်အား ၈ဝ လောက်ကနေပြီးတော့ အင်အား ၁၅ဝဝ အထက် ထိုးတက် သွားတယ်၊ ဆိုတော့ အဲ့ဒါကြောင့် တိုက်ပွဲတွေက ဖြစ်လာရတာပေါ့လေ၊ အဲ့လိုမဟုတ်ပဲနဲ့ မူလ NCA မထိုးခင်တုန်းက အနေအထား သူတို့ ပြန်ပြီးတော့နေမယ်ဆိုရင် ဒီတိုက်ပွဲက ရပ်တန့်သွားမှာ ဖြစ်ပါတယ်"

ဒီလိုပြောတာနဲ့ ပတ်သက်ပြီး RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းမိဏ်း ကတော့ ဒီနယ်မြေဟာ ၂ဝဝ၆ ခုနှစ်ကစလို့ RCSS တပ်ဖွဲ့ဝင်တွေ နေရာယူထားကြတာဖြစ်တယ် လို့လည်း ပြန်လည်ပြောဆိုပါတယ်။

"အမှန်ဆို ဒီ ၂ဝဝ၆ ကတည်းက ကျနော်တို့ ဒီဒေသတွေမှာ ရောက်နေပါတယ်၊ နမ့်ခမ်း မူဆယ် ဖက်မှာလည်း ကျနော်တို့ အမှတ် ၇ဝ၁ ဆိုတဲ့ တပ်ရင်းလည်းရှိတယ်၊ ပြီးတော့ SSNA မရှိတော့တဲ့နောက်ပိုင်း ဒီနယ်မြေတွေမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ရှိပြီးသားဖြစ်ပါတယ်"

ဒီ ဆွေးနွေးပွဲမှာ RCSS အနေနဲ့ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်းချမ်းသွားဖို့အတွက် တအာင်းပလောင် လွတ်မြောက်ရေးတပ်ဦး TNLA နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့အနေနဲ့ ကြားနေဝင်ရောက်ညှိနှိုင်းပေးဖို့လည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကြားဝင်ညိနှိုင်းပေးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံ ချင်းမိုင်မြို့ ကိုရောက်နေတဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။