မိုင်းရှူးဒေသ တိုက်ပွဲတွေကိစ္စ သမ္မတနဲ့ SSPP/SSA ဆွေးနွေးမယ်


2015.11.20
sspp-ssa-620.jpg ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်မှာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က SSPP/SSA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ လဲချား၊ မိုင်းနောင်စတဲ့မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီက ဗဟိုကော်မတီဝင် စိုင်းနော်လိတ်ဟာ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံဖို့ အတွက် နေပြည်တော်ကို မနေ့က ထွက်ခွာသွားပြီလို့ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

"ဗဟိုကော်မတီဝင်တစ်ယောက်ပေါ့  သမ္မတဆီကိုသွားနေပါတယ်၊ သွားတာက မနေ့ကသွားတာပါ၊ ဗိုလ်မှူးစိုင်းနော်လိတ်ပေါ့ ဗဟိုကော်မတီဝင်ပေါ့၊ အခုက အကြမ်းအားဖြင့် ကျနော်တို့ ဖြစ်နေတဲ့တိုက်ပွဲ ဘယ်လိုရပ်ဆိုင်းသွားအောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုပဲ ကျနော်တို့ အကြမ်းအားဖြင့် သွားညှိနှိုင်းမှာပါ"

မိုင်းရှူးမြို့နယ်အတွင်းက အစိုးရထိန်းချုပ်နယ်မြေကို SSPP/SSA အဖွဲ့ကကျူးကျော်တယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တို ဘာလ ၆ ရက်နေ့က စတင်ပြီး အစိုးရက ရှမ်းပြည်တိုးတက်ရေးပါတီကို ထိုးစစ်ဆင်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရှမ်းပြည်နယ်အတွင်းက ကျေးသီး၊ လဲချား၊ ဝမ်ဆော့၊ မိုင်းရှူး၊ မိုင်း နောင်အစရှိတဲ့ မြို့နယ်တွေက ဒေသခံ တစ်သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရပြီး ရှမ်းပြည်တပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်အနီးမှာ ဒေသခံ ၂၅ဝဝ ကျော် ခိုလှုံနေရတယ်လို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ SSPP/SSA တို့ ညှိနှိုင်းထားမှုအရ မနေ့ကစပြီး တိုက်ပွဲတွေကို ရပ်တန့်ထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။