SSPP/SSA တပ်စခန်း မိုင်းရှုးမြို့နယ်အတွင်းက ဖယ်ရှားပေးဖို့ အစိုးရတပ်က ဖိအားပေး
2012.08.21
ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုးမြို့နယ်အတွင်းမှာရှိတဲ့ နမ့်ပန်ချောင်းအနီးက SSA မြောက်ပိုင်းတပ်ရင်း ၈၀၁ တပ်စွဲထားတဲ့ ခနောက်စိမ်း စမ်းသပ်တူးဖော်ခွင့် ရထားတဲ့ နယ်မြေထဲကနေ ဖယ်ရှားပေးဖို့ အခုရက်ပိုင်းအတွင်းမှာ အစိုးရတပ်ဘက်က ပြောဆိုလာတာလို့ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။
"သုံးလေးရက်ခန့်ကပေါ့။ အဲဒီ မိုင်းရှုးတပ်ကနေပြီးတော့ ကျွန်တော်တို့ အဲဒီ မိုင်းရှုးမြို့နယ်ထဲက တာ့ဆမ်ပူး ကူတို့ဆိပ်မှာ နေရာယူထားတဲ့ ကျွန်တော်တို့ တပ်ပေါ့။ အဲဒီမှာ ကျွန်တော်တို့ ခနောက်စိမ်း လုပ်ကွက် ရှိတယ်လေ။ ကျွန်တော်တို့ စမ်းသပ်တူးဖော်ခွင့်နဲ့ ကျွန်တော်တို့ ပါမစ်ရထားတာ အနှစ် ၂၀ လောက်တောင်ရှိပြီ ထင်တယ်။ ကျွန်တော်တို့ အဲမှာ နေခဲ့တာလည်း အနှစ် ၂၀ - ၃၀ လောက် ရှိပြီကိုး။ အဲဒီမှာ မနေဖို့ ဖယ်ပေးဖို့ ပြောလာတော့ သူတို့လည်း တပ်ရင်း ၂ ရင်းနဲ့ ထွက်လာတယ်လေ။ ခမရ ၁၅၀ နဲ့ ခမရ ၁၄၉ ပေါ့။ တိုက်ပွဲတော့ မဖြစ်သေးပါဘူး။ သူတို့ ပြန်ဆုတ်သွားရင်တော့ တမျိုးပေါ့။ သူတို့ ရှေ့တိုးလာရင်တော့ ဖြစ်နိုင်ခြေတော့ ရှိတယ်"
ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ အခုနှစ် ဇန်နဝါရီလကုန်ပိုင်းကမှ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အပစ်အခတ် ရပ်စဲရေး အပါအဝင် ပြည်နယ်အဆင့်၊ ပြည်တောင်စုအဆင့်တွေမှာ အချက် ၅ ချက်စီ နှစ်ဖက် သဘောတူ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။