ဆန္ဒပြအထည်ချုပ်လုပ်သား ၁၇၀ ကျော်ကို အလုပ်ကထုတ်ပယ်

0:00 / 0:00

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် ၂ က STARTEX အထည်ချုပ်စက်ရုံရှေ့မှာ တစ်ပတ်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမား ၁၇၄ ယောက်ကို စက်ရုံက လျော်ကြေးပေးပြီး အလုပ်ကထုတ်ပစ်လိုက်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးက အလုပ်သမားတစ်ရာကျော်ကို အလုပ်ထုတ်ပစ်တာ တရားမျှတမှုမရှိကြောင်း အခုလိုပြောပါတယ်။

"ကျမတို့ မြန်မာနိုင်ငံမှာဖြစ်နေတာက အလုပ်ရှင်အလုပ်သမား ပြဿနာတက်လို့ရှိရင် အလုပ်ရှင်ကနေ ငွေပေးပြီးထုတ်ပစ်တယ်၊ အလုပ်သမားက အဲလျော်ကြေးကိုယူတယ်၊ တကယ်တော့ အလုပ်ရှင် အလုပ်သမား ပြဿနာတက်လို့ရှိရင် ပြဿနာရဲ့ဇစ်မြစ်ကို စုံစမ်းပြီးတော့ ပြေ လည်အောင်ဖြေရှင်းရမှာ၊ မဖြေရှင်းဘဲနဲ့ လျော်ကြေးပေးပြီး ထုတ်ပစ်တယ်၊ အဲတော့ အလုပ်သမား က တောင်းဆိုမှုတွေလုပ်လာတဲ့အခါကျရင် လျော်ကြေးပဲတောင်းဆိုလာတော့မယ်၊ အလုပ်ရှင်က လည်း လျော်ကြေးပဲပေးဖို့ ဆုံဖြတ်လာမယ်၊ အဲလိုဖြစ်လာတဲ့အခါကျရင် လုပ်ငန်းကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ကျလာလိမ့်မယ်"

လွန်ခဲ့တဲ့ တစ်လလောက်က STARTEX အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာတိုးပေးဖို့၊ လုပ်ငန်းခွင်မှာ အလုပ်သမတွေအပေါ် အနိုင်ကျင့်ဆက်ဆံတဲ့ ကြီးကြပ်ရေးမှူးကို စက်ရုံပြောင်းပေးဖို့ ဒါမှမဟုတ် အလုပ်ကထုတ်ပေးဖို့ စတဲ့အချက် ၁၁ ချက်ကို တောင်းဆိုခဲ့ပါတယ်။

စက်ရုံအုပ်ချုပ်ရေးက အားလုံးလိုက်လျောပေးခဲ့ပေမဲ့ ကြီးကြပ်ရေးမှူးကို အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့သတင်းပတ်ကစပြီး အလုပ်သမ ၁၇၄ ယောက်က စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာပါ။

ဒီနေ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို လုပ်သက် ၃ လကနေ ၁ နှစ်ရှိသူကို ၂ လစာ၊ ၁ နှစ်ကနေ ၃ နှစ်လုပ်သက်ရှိသူတွေကို ၃ လစာ၊ ၃ နှစ်ကနေ ၅ နှစ်လုပ်သက်ရှိသူတွေကို ၄ လစာနဲ့ ၅ နှစ်အထက် လုပ်သက်ရှိသူတွေကို ၅ လစာ လျော်ကြေးပေးခဲ့ပါတယ်။ လုပ်သက် ၃ နှစ်လောက်ရှိတဲ့ အလုပ်သမတစ်ဦးရဲ့ လျော်ကြေးရရှိတဲ့ငွေဟာ ပျမ်းမျှ ကျပ်ငွေ ၃ သိန်းကျော်လောက်ရှိပါတယ်။

အဲ့ဒီစက်ရုံက အလုပ်ထုတ်ခံရသူအများစုဟာ အမျိုးသမီးတွေဖြစ်ပြီး လုပ်သက်၅ နှစ်ကနေ ၁၃ နှစ်အထိရှိသူတွေလည်း ပါဝင်ပါတယ်။

အလုပ်သမားတွေ အလုပ်အကိုင်ရရေးနဲ့ လျော်ကြေးကိစ္စတွေမှာ အကူအညီပေးခဲ့တဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က စက်ရုံရှေ့မှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။