ဒီကနေ့ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးစီး ကျင်းပတာဖြစ်ပြီး စီးပွားရေး ပညာရှင်
ဦးမော်သန်း အပါအ၀င် တခြားပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိ အစိုးရ ရေးဆွဲနေတဲ့ ဘတ်ဂျက် ရသုံးငွေ
ခွဲဝေမှုမှာ ပညာရေး ကဏ္ဍအတွက် သုံးစွဲမှု အားနည်းနေတဲ့အတွက် ပိုသုံးစွဲဖို့ လိုအပ်ကြောင်း စီးပွားရေး ပညာရှင်
ဆရာဦးမော်သန်းတို့က ဆွေးနွေးခဲ့ကြရာမှာ ကျောင်းသား ခေါင်းဆောင်တွေက မေးခွန်းတွေ ပြန်မေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
လက်ရှိ လွှတ်တော်မှာ စစ်အသုံးစားရိတ်နဲ့ ပညာရေး ကျန်းမာရေးကဏ္ဍတွေ အသုံးစားရိတ် ကွာဟမှု ကြီးလွန်းနေတာနဲ့
ပတ်သက်ပြီးတော့လည်း ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ကိုကိုကြီးက ပြောပါတယ်။
“စစ်ရေး အသုံးစရိတ် သုံးစွဲမှုနဲ့ ပညာရေး ကျန်းမာရေး သုံးစွဲမှုနဲ့ ဦးစားပေး နှိုင်းယှဉ်တဲ့အခါမှာ သေချာတာ တစ်ခုကတော့
စစ်သားတစ်ယောက် လေ့ကျင့်သင်ကြားတဲ့ ကုန်ကျစရိတ်၊ သူ့ရဲ့လစာ စသည်ဖြင့် ကုန်ကျစရိတ်ဟာ စစ်သားတစ်ယောက် တိုးတိုင်း
တိုးတိုင်းမှာ တစ်ဘက်က မြို့နယ် ကျန်းမာရေးမှူး တစ်ယောက် ဆုံးရှုံးနေတယ်၊ အခြေခံပညာမှာ မူလတန်း ဆရာတစ်ယောက်
ဆုံးရှုံးနေတယ် စသည်ဖြင့် တစ်ခုသုံးရင် တစ်ခုဘက်က ဆုံးရှုံးတဲ့ သဘောမျိုး ဖြစ်ဖြစ်နေတော့ ဦးစားပေး ရွေးချယ်မှု ပြဿနာမျိုး၊
ဘယ်ကဏ္ဍမှာ ဘယ်လောက်သုံးမလဲ ကိုင်တွယ်ဖို့အတွက်မှာ လက်ရှိလွှတ်တော် ယန္တရားနဲ့ ပတ်သက်ပြီး တချို့အကျပ်အတည်းတွေ
ရှိနေတယ်။ အဲဒါတွေကို ဘယ်လို ကျော်လွှားနိုင်မလဲ ဆိုပြီးတော့ ဆရာ့ကို မေးခဲ့ပါတယ်”
ဒီကနေ့ ကျင်းပခဲ့တဲ့ နိုင်ငံတော် ဘတ်ဂျက် ရသုံးငွေဆိုင်ရာ သုံးစွဲမှု ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ပရိသတ် ၁၀၀ ကျော်
တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။