ရခိုင်ပြည်နယ်အတွင်း လူဦးရေစာရင်းကောက်ခံမှု စီမံချက်မှာ စစ်တွေမြို့နယ်အတွင်း ကောက်ခံမှုကို ဒီကနေ့က စတင်ပြီး ယာယီရပ်ဆိုင်းလိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရက RFA ကို ပြောပါတယ်။
မနေ့က စစ်တွေမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုမှုတွေကြောင့် စာရင်းကောက်ယူသူအဖွဲ့ဝင်တွေနဲ့ ဒုက္ခသည်တွေအကြား ထိခိုက်ဒဏ်ရာရတဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့် ရပ်ဆိုင်းထားလိုက်ရတာ ဖြစ်တယ်လို့သိရပါတယ်။
အဲဒီစီမံချက်ကို ဘယ်တော့ဆက်လက်ဆောင်ရွက်မယ် ဆိုတာဟာ ပြည်ထောင်စုအစိုးရနဲ့သာ သက်ဆိုင်တဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက RFA ကို ပြောပါတယ်။
ဒါ့အပြင် မနေ့က စစ်ဆေးရေးအဖွဲ့တွေနဲ့ ဒုက္ခသည်တွေအကြား ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုမှာ ဦးဆောင်သူတွေလို့ ယူဆရတဲ့သူတွေကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်မှာ လူဦးရေစာရင်း အတိအကျသိရှိနိုင်ဖို့ တာဝန်ရှိသူတွေက စစ်တမ်းကောက်ယူနေရာမှာ မနေ့ကစပြီး လာမယ့်မေလ ၁၅ ရက်နေ့အထိ ဆောင်ရွက်ဖို့ပြင်ဆင်ခဲ့တာပါ။ စစ်တွေမြို့နယ် တစ်ခုတည်းမှာပဲ ရပ်နားထားမှာဖြစ်ပြီး ကျန်တဲ့မြို့နယ်တွေကိုတော့ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
