ပေါက်တောမြို့နယ်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ငန်းရပ်ဆိုင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အင်ဂျီအိုအဖွဲ့တွေဟာ သူတို့ရဲ့လူမှုကူညီရေးလုပ်ငန်းတွေကို ဒေသခံတချို့က ခြိမ်းခြောက်ဟန့်တားနေတဲ့အတွက် ပေါက်တောမြို့ကနေ ပြန်လည်ထွက်ခွာနေပြီလို့ RFA က စုံစမ်းသိရပါတယ်။

ရန်ကုန် အခြေစိုက် Save The Childern ကမ္ဘာ့ကလေးများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကနေ ပေါက်တောမြို့နယ်မှာ သွားရောက်တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၁၄ ဦးဟာ ပေါက်တောမြို့ကနေ စစ်တွေမြို့ကို မနေ့က ပြန်လည်ရောက်ရှိလာခဲ့ကြတယ်လို့ သိရပါတယ်။

ဟော်လန်နိုင်ငံအခြေစိုက် MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့ကတော့ ပေါက်တောမြို့နယ်အတွင်း အခြေအနေတင်းမာမူတွေကြောင့် အရင်က သူတို့ဆောင်ရွက်နေတဲ့ စက်လှေနဲ့ လှည့်လည်ပြီး ကျန်းမာရေးစောင့်ရှောက်မူပေးတာကို ရပ်ဆိုင်းထားတယ်လို့ MSF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Ms.Vickie Hawkins က RFA ကို အင်တာနက် အီမေလ်းကတဆင့် ဖြေကြားပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ် ကျေးရွာတစ်ခုမှာ ရခိုင်အမျိုးသမီးတချို့ ရန်ပြုတိုက်ခိုက်ခံရပြီးနောက် ပေါက်တောမြို့အခြေစိုက် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ရဟန်းတော်များနဲ့ မြို့နေလူထုက နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ဘက်လိုက်ဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုပြီး ပေါက်တောမြို့ နယ်နမိတ်အတွင်း INGO၊ NGO စတဲ့ နိုင်ငံတကာ စေတနာ့ဝန်ထမ်းအဖွဲ့တွေရဲ့ အိမ်ခန်းငှားရမ်းခြင်း၊ ရပ်တည်လှုပ်ရှားခြင်း၊ လှုဒါန်းခြင်းနဲ့ ဝင်ထွက်သွားလာခြင်းတွေကို ကန့်ကွက်ကြောင်း၊ ဒါ့အပြင် အဲဒီ INGO ၊NGO အဖွဲ့တွေအနေနဲ့ နှစ်ရက်အတွင်း ပေါက်တောမြို့က ထွက်ခွာပေးရမှာဖြစ်ကြောင်းဖေါ်ပြပါရှိတဲ့ တောင်းဆိုချက်တစ်စောင်ကို နိုဝင်ဘာ ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားပါတယ်။