မုန်တိုင်းငယ်ကို လိမ္မော်ရောင် အဆင့်သတ်မှတ်

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ ကမ်းရိုးတန်းဘက်ကို ဝင်ရောက်လာနိုင်တဲ့ အနေအထားရှိတာကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်ဟာ ဧပြီ ၁၇ ရက်နေ့လောက်မှာ ဝင်ရောက်နိုင်ပြီး မုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း ၊ မြစ်ဝကျွန်ပေါ်ဒေသနဲ့ ရန်ကုန်ုတိင်းဒေသကြီးတွေမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"မြန်မာနိုင်ငံဘက်ကို ဦးတည်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ လိမ္မောရောင်အဆင့် သတ်မှတ် ထားပါတယ်။ မုန်တိုင်းငယ်က ၁၇ ရက်နေ့ ညသန်းခေါင်ပေ့ါနော် ကမ်းကိုဖြတ်နိုင်တဲ့အနေထားလေး တွေ့ရပါတယ်။ ရခိုင်ကမ်းကို ဖြတ်မယ့်အနေထားလေးတော့ရှိတယ်။ မုန်တိုင်းရဲ့ အရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာကွက်ကြားကနေ နေရာစိတ်စိတ် မိုးရွာနိုင်တယ်။ ရခိုင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်တိုင်းဒေသကြီးတွေမှာတော့ မိုးကြီးနိုင်တဲ့ အနေထားလေးတွေရှိတယ်ပေါ့။ ၁၇ ရက်နေ့ညသန်းခေါင် ဒါမှမဟုတ် ၁၈ ရက်နေ့ အစောပိုင်း မှာတော့ ကမ်းရိုးတန်းကို ဖြတ်သန်းသွားမယ့် အနေအထားမျိုးရှိတယ်"

မုန်တိုင်းငယ်က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်နိုင်တာကြောင့် ကျောက်ဖြူမြို့နဲ့ အနီးဝန်းကျင်မှာရှိနေတဲ့ ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ် လို့လည်း သတိပေးထားပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ဧပြီ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ နေပြည်တော်၊ စစ်ကိုင်း ၊ မကွေး၊ တနင်္သာရီ၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန် စတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ မိုးရွာနိုင်ပါတယ်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း နဲ့ ရန်ကုန်တိုင်းတို့မှာတော့ လေပြင်းတိုက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။ တစ်နာရီကို လေတိုက်နှုန်း ၃၅ မိုင် ရှိနိုင် တယ်လို့လည်း ခန့်မှန်းထားပါတယ်။

လိမ္မော်ရောင်အဆင့်ဟာ မြန်မာနိုင်ငံကို ချဉ်းကပ်လာခြင်း၊ အနီရောင်အဆင့်ဟာ ကမ်းရိုးတန်းကို ၁၂ နာရီအတွင်း ဖြတ်ကျော်ခြင်း၊ အညိုရောင်အဆင့်ဟာ ကမ်းရိုးတန်းကို ရိုက်ခတ်နေခြင်း ဆိုပြီး အရောင်သင်္ကေတသတ်မှတ်ချက်တွေနဲ့ မုန်တိုင်းကြိုတင်သတိပေးချက်တွေ ထုတ်ပြန်တာဖြစ်ပါတယ်။