လမ်းဘေးနံရံပန်းချီတွေ မဆွဲဖို့ အာဏာပိုင်တွေ ပိတ်ပင်

ရန်ကုန်မြို့မှာ လမ်းဘေးနံရံပန်းချီတွေ မရေးဆွဲဖို့ အာဏာပိုင်တွေက မနေ့က ပိတ်ပင်လိုက်ပါတယ်။ အများပြည်သူဆိုင်ရာ အဆောက်အဦးတွေ၊ လမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေနဲ့ ပန်းခြံတွေမှာ ရုပ်ပုံတွေ မရေးဆွဲဖို့ တားမြစ်လိုက်ပြီး၊ တားမြစ်ချက် မလိုက်နာသူကို အရေးယူမယ်လို့ ရန်ကုန်မြို့တော် အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

လမ်းဘေးနံရံပန်းချီရေးဆွဲသူတွေကတော့ တခြားနိုင်ငံတွေမှာလည်းအလားတူ တားမြစ်တာတွေရှိခဲ့တာမို့ မြန်မာအာဏာပိုင်တွေကလည်း ဒီလိုအမိန့်မျိုး ထုတ်ပြန်လိမ့်မယ်ဆိုတာ မျှော်လင့်ထားပြီးဖြစ်ကြောင်း AP သတင်းကို ပြောဆိုကြပါတယ်။

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်ကို လာရောက်ခဲ့စဉ်က အိုဘားမားရုပ်ပုံတွေကို လမ်းဘေးနံရံတွေပေါ်မှာ ရေးဆွဲခဲ့သူ အသက် ၁၉နှစ်အရွယ် ကိုအာကာကျော် က ဒီလိုတားမြစ်လို့ နံရံပန်းချီသမားတွေ ရပ်တန့်သွားမှာမဟုတ်ပါဘူး၊ အစိုးရအနေနဲ့ အခုလို တားမြစ်မယ့်အစား တခြားနိုင်ငံတွေမှာလိုပဲ နံရံပန်းချီသမားတွေအတွက် သီးသန့်နေရာတစ်ခု ဖန်တီးပေးသင့်တယ်လို့ ပြောဆိုပါတယ်။

ရန်ကုန်မြို့မှာ ၂ဝ၁ဝ ပြည့်နှစ်က စပြီး လမ်းဘေးနံရံပန်းချီရေးဆွဲသူတွေ ပေါ်ပေါက်လာခဲ့ရာက တဖြည်းဖြည်းအရေအတွက် တိုးပွားလာခဲ့ရာမှာ အခုအခါ နံရံပန်းချီသမား အရေအတွက် ၁၅ဝ ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။ နံရံပန်းချီသမားတစ်ယောက်ကတော့ စုပေါင်းနံရံပန်းချီပြပွဲတစ်ခု ပြသချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။