ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင်တွေဖြစ်တဲ့ ကျောက်ဆည် GTC ကျောင်းသား ကိုရဲရင့်ပိုင်မှူးနဲ့ မန္တလေးရတနာပုံတက္ကသိုလ်က ကိုရှိုင်းမင်းထက်ဇော် တို့ကို မန္တလေးမြို့မှာ ရဲတပ်ဖွဲ့က မနေ့က မတ်လ ၂၀ ရက် ညဦးပိုင်းမှာဖမ်းလိုက်ပြီး၊ မနက် ၁ နာရီကျော် မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
သူတို့နှစ်ယောက်က ဖမ်းဆီးခံကျောင်းသားတွေပြန်လွှတ်ဖို့ နံရံတွေမှာမှုတ်ဆေးနဲ့ရေးတဲ့အတွက် ရဲတပ်ဖွဲ့ကလိုက်လံ ဖမ်းဆီးခဲ့ကြောင်း ကိုရှိုင်းမင်းထက်ဇော် က RFA ကိုပြောပါတယ်။
"ကျနော်တို့ဆေးမှုတ်ပြီးတော့ ဆိုင်ကယ်နဲ့ထွက်တယ်ဗျ၊ ဆိုင်ကယ်နဲ့ထွက်တဲ့အခါကျ တော့ ရဲနှစ်ယောက်က ဆိုင်ကယ်နားလာကပ်ပြီး ရပ်၊ ရပ် ဆိုတော့ ကျနော်တို့က မရပ်ဘဲနဲ့ ဆက်မောင်းတယ်၊ မောင်းတဲ့အခါ ကျတော့ ရဲတွေက နံပါတ်တုတ်တွေထုတ် ဆိုက်ကယ်ကိုမရပ်ရင် နံပါတ်တုတ်နဲ့ရိုက်မယ် လို့ပြောတယ်၊ ကျနော်တို့ကဆိုင်ကယ် မောင်းတာ သိပ်မကျွမ်းတဲ့အခါကျတော့ ဆိုင်ကယ်တိုက်မှုတွေဖြစ်ရင်မကောင်းဘူး ဆိုပြီးတော့ ရပ်ပြီးစကားပြော လိုက်တဲ့ဗျ၊ ရဲဖမ်းထားတဲ့အချိန်မှာ အရပ်ဝတ်နဲ့ လူရောက်လာတယ်၊ ခင်ဗျားဘယ်သူလဲလို့မေးတာမဖြေဘဲနဲ့ ဒေါကြီးမောကြီးနဲ့ပြောပြီးတော့ ကျနော်တို့ကို လက်ထိပ်အတင်း ခတ်ပြီးတော့ ဆိုင်ကယ်ပေါ်ခေါ်သွားတယ် "
သူတို့နှစ်ယောက်အတွက် ဒုပါမောက္ခချုပ်နဲ့ မော်ကွန်းထိမ်းတို့က အာမခံပေးခဲ့တယ် လို့လည်း သိရပါတယ်။
ကိုရှိုင်းမင်းထက်ဇော်ဟာ လက်ပံတန်း ပင်မကျောင်းသားသပိတ်အကြမ်းဖက် ရိုက်နှက်ဖြိုခွဲမှုမှာ ဦးခေါင်းဒဏ်ရာ နဲ့အဖမ်းခံခဲ့ရပြီး၊ ပြီးခဲ့တဲ့ သတင်းပတ်မှာ သာယာဝတီထောင်ကနေပြန်လွတ်ခဲ့တဲ့ ကျောင်းသားဖြစ်ပါတယ်။ ကိုရဲရင့်ပိုင်မှူးကလဲ အလားတူ လက်ပံတန်းကျောင်းသားသပိတ်ကနေ လွတ်မြောက် ခဲ့တဲ့ ကျောင်းသား ဖြစ်ပါတယ်။
ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေး နံရံဆေးမှုတ်လှုပ်ရှားမှုအတွက် မန္တလေးမြို့မှာ မနေ့ညက အဖမ်းခံရပြီး ပြန်လွတ်လာ တဲ့ မန္တလေးရတနာပုံတက္ကသိုလ်က ဗကသများ အဖွဲ့ချုပ်ဝင် ကိုရှိုင်းမင်းထက်ဇော် ကို RFA အဖွဲ့သား ကိုနေရိန်ကျော် က ဆက်သွယ် မေးမြန်းထားပါတယ်။
