ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ

လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကစပြီး ခေတ်အဆက်ဆက် ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်ကတော့ လွတ်လပ်ရေး တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို ကျောင်းသားမျိုးဆက် အသီးသီးက လက်ဆင့်ကမ်း သယ်ဆောင်ခဲ့တာဟာ သမိုင်းပြရုပ်တစ်ခုပဲလို့ ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ “အစိုးရ အဆက်ဆက်က ကျွန်တော်တို့ကို နာလန်မထူအောင်၊ ဒေါင်းအလံတွေ မထူနိုင်အောင် ကြိုးစားခဲ့တာပဲ။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကလည်း ဒေါင်းအလံကို လက်ဆင့်ကမ်းနိုင်ခဲ့တာ မှန်တယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားမှာ ကျောင်းသားသွေး ရှိတယ်ဗျ။ အဲဒီသွေးက ဘယ်တော့မှ မခန်းသွားဘူး။ ကျောင်းသားတွေ ခေတ်အဆက်ဆက် စီးဆင်းခဲ့တဲ့ သွေးတွေဟာ ကျွန်တော်တို့ လက်ထက်ကနေတစ်ဆင့် အခု နောက်ဆုံး မျိုးဆက်အထိပေါ့ဗျာ၊ အဲဒါ ဆက်ပြီးတော့ စီးဆင်းနေဆဲပဲ။ ကျွန်တော်တို့က မြစ်ကြီးတစ်စင်းနဲ့တူတယ်လေ။ ဒါကြောင့် ဒီမြစ်ရေဟာ ဘယ်တော့မှ မခန်းသွားဘူး။ ရှေ့က မြစ်ရေတွေ ပင်လယ်ထဲ ရောက်သွားပေမယ့် နောက်က မြစ်က ဆက်စီးနေဆဲပဲဆိုတာ ကျွန်တော်တို့ သက်သေ ပြနိုင်ခဲ့တာပါ” ဒီတွေ့ဆုံပွဲကို ၁၉၆၂ ဆဲဗင်း ဂျူလိုင်လှုပ်ရှားမှု၊ ၁၉၇၄ ဦးသန့် အရေးအခင်းအပြင် ၁၉၈၈၊ ၁၉၉၆၊ ၁၉၉၈ နဲ့ ၂၀၀၇ ကျောင်းသား လှုပ်ရှားမှုတွေက ခေါင်းဆောင် အများအပြား တက်ရောက်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ၁၉၆၂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးလှရွှေနဲ့ ၁၉၇၄ ကျောင်းသား ခေါင်းဆောင် ဦးလှစောတို့လည်း ပါဝင်ကြပါတယ်။ ဒီပွဲကို တက်ရောက်လာတဲ့ ကျောင်းသား ခေါင်းဆောင်အားလုံးဟာ စစ်အစိုးရ အဆက်ဆက်မှာ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခံခဲ့ရသူတွေ ဖြစ်ကြပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိက စုစည်းတင်ပြပါမယ်။

0:00 / 0:00