တကသခေါင်းဆောင် ကိုနန်းလင်း ဖမ်းဆီးခံရ
2015.12.15
တရားခံပြေးအဖြစ် သတ်မှတ်ကြေညာခံထားရတဲ့ တကသကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုနန်းလင်းကို ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်က ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးလိုက် တယ် လို့သိရပါတယ်။
သူ့ကို ပန်းဘဲတန်းတရားရုံးကိုခေါ်သွားပြီး ရမန်ယူကာ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့သိရကြောင်း တကသပြန် ကြားရေးတာဝန်ခံ ကိုဖိုးသားက RFA ကိုပြောပါတယ်။
"ရန်ကုန်တိုင်းရဲစခန်းက သူ့ကိုလာဖမ်းသွားတယ်လို့သိရတယ်၊ သူ့ကိုခေါ်သွားတာတော့ ပန်းဘဲတန်းရဲစခန်း ကို ခေါ်သွားတယ်လို့သိရတယ်၊ ရမန်ယူပြီး အင်းစိန်ထောင်ကိုပို့ လိုက်တယ်၊ သူ့ကိုဖမ်းဆီးတာကတော့ ပုဒ်မ ၅ဝ၅(ခ)နဲ့ပဲဆိုတော့ ယခင်ဖမ်းဆီးထားတဲ့ ကိုပိုင်ရဲသူတို့နဲ့ တစ်ရက်တည်း အမှုစစ်မယ်လို့ သိရပါတယ်"
ကိုနန်းလင်းနဲ့ တကသကျောင်းသားတွေဟာ အခြေခံဥပဒေပုဒ်မ ၄၃၆ ကိုပြင်ပေးဖို့နဲ့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေထွက်သွားဖို့ ဇွန်လ ၃၀ ရက်နေ့ က သိမ်ကြီးဈေးအနားမှာ ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံ ထားရပါတယ်။
အဲဒီဆန္ဒပြကျောင်းသားတွေထဲက ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ဖမ်းမိထားပြီး ကိုနန်းလင်းကို မမိတဲ့အတွက် အစိုးရက သူ့ကို တရားခံပြေးအဖြစ် ကြေညာ ထားခဲ့ရာကနေ အခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။
ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ဒီကနေ့ ပုံမှန်ရုံးထုတ်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ အမျိုးသား ပညာရေးဥပဒေ သပိတ်မှောက်စဉ်က ပါဝင်ခဲ့ပြီး၊ လေးပွင့် ဆိုင်ဆွေးနွေးပွဲ နောက်ပိုင်းမှာ သပိတ်ရပ်နား ခဲ့ကြပါတယ်။ ဒါပေမဲ့နောက် ပိုင်းမှာ အခြေခံ ဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုကို ဆက်ပြီးဆောင်ရွက် ခဲ့ကြတာဖြစ်ပါတယ်။
ဖမ်းဆီးခံကျောင်းသားနဲ့ဝန်းရံပြည်သူ ၇ ယောက်ကို ဒီနေ့ သာယာဝတီဆေးရုံ ပို့ရတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။