မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမှု အာဏာပိုင်များ လိုက်လံစုံစမ်း

တနင်္သာရီတိုင်း မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို သြဂုတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် ဒီကနေ့ တနင်္ဂနွေနေ့ မနက်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကျောင်းသား ခေါင်းဆောင်တွေကို လိုက်လံစစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။
2012-08-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
myeik-university-student-union-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းလိုက်သော တနင်္သာရီတိုင်း မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် တချို့ကို တွေ့ရပုံ။
Photo Courtesy of NLD (Myeik)

သမဂ္ဂရဲ့ အတွင်းရေးမှူး တာဝန်ယူထားသူ ကိုစိုးသင့်ထွန်း ကို ဒီကနေ့ မနက်ပိုင်းက စစ်ဆေး မေးမြန်းခဲ့ပြီး အလုပ်အမှုဆောင်  အဖွဲ့ဝင် တချို့ကိုလည်း လိုက်လံမေးမြန်းတယ်လို့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ကိုအုပ်စိုးထွန်း က ပြောပါတယ်။

"ဒီနေ့မနက်က လိုက်လံမေးမြန်းနေတယ်။ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ကိုစိုးသင့်ထွန်း ကိုလာမေးတယ်၊ အက်စ်ဘီ နဲ့ စရဖ ကပေါ့။ နာမည်တော့ ကျနော် မသိဘူးခင်ဗျ၊ မင်းတို့က ဘာဖြစ်လို့ ဒီလိုလုပ်လဲပေါ့၊ မင်းတို့ရဲ့ အထက်မှာ ဘယ်သူရှိလဲပေါ့ဗျား၊ ဒီလိုမျိုးပေါ့။ သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေနဲ့ ကျောင်းမှာရှိတဲ့ ကိုယ်ရေးမှတ်တမ်းတွေရော မှတ်သွားတယ်၊ နောက် အမှုဆောင်တွေကိုလည်း လာမေးသွားတယ်လို့ ကြားတယ်၊ ဖမ်းဆီးတာတော့ မရှိဘူးခင်ဗျ။"

မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဟာ တက္ကသိုလ်အတွင်း လွတ်လပ်တဲ့ ကျောင်းသားလွတ်တော် တစ်ရပ် ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပညာရေးနဲ့ စစ်မှန်သော ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွေ အတွက် ကျောင်းသားထု အကျိုးပြု လုပ်ငန်းစဉ်တွေ ချမှတ် လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့အတွက် ဒီကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ကိုအုပ်စိုးထွန်း က ပြောပါတယ်။

"ကျနော်တို့ လုပ်ချင်တဲ့ ဆန္ဒက အခွင့်အရေးကို မျှော်ကိုးလို့ လုပ်တာမဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လို့ထင်လို့ ကျနော်တို့ လုပ်တာ၊ ကျောင်းသားသမဂ္ဂက ဒါ ဗမာပြည်မှာ မရှိတာ ကြာပြီလေဗျ၊ ကျောင်းသားမှာဆိုတာ ကျောင်းသားသမဂ္ဂတော့ ရှိသင့်တာပေါ့ဗျာ။ လယ်သမားမှာဆိုတာ လယ်သမား သမဂ္ဂ ဆိုတာရှိတယ်ဗျ၊ ကျောင်းသားသမဂ္ဂ ဆိုတာ မရှိဘူး၊ ဒါကြောင့် ကျနော်တို့က လိုအပ်တယ်ထင်လို့ ကိုယ့်ဟာကို ဖွဲ့တာ၊ ကျနော်တို့ ကျောင်းသားတွေရဲ့ ဆန္ဒအတိုင်း ကျနော်တို့ လုပ်တာဗျ၊ ကျနော်တို့ ကျောင်းသားတွေမှာ ကျောင်းသားလွတ်တော်မျိုးပေါ့။ ပေါ်ပေါက်စေချင်တယ်၊ ပြီးတဲ့အခါ ကျနော်တို့ ကျောင်းမှာရှိတဲ့ ချို့တဲ့တဲ့ ကျောင်းသားတွေပေါ့နော်။ ဒီကျောင်းသားတွေ အတွက်ကို ကျနော်တို့က အကူအညီပေးချင်တဲ့ စိတ်ရှိတယ်။"

မြိတ်ခရိုင် အတွင်းက တက္ကသိုလ်တွေ ဖြစ်တဲ့ နည်းပညာ တက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ် နဲ့ ၀ိဇ္ဖာသိပ္ပံ တက္ကသိုလ်တို့ ပူးပေါင်းပြီး မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ကို စနေနေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး  ဥက္ကဋ္ဌ အဖြစ် ကိုအုပ်စိုးထွန်း၊ ဒုဥက္ကဋ္ဌ အဖြစ် ကိုဇင်မိုးဝေ တို့ အပါအ၀င် အလုပ်အမှုဆောင် ၂၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Please stop calling Township Administrative Body as Ahr Nar Bine (The one who own the power) The true power owners are the people not stupid idiot a handful of people who are governing the area.

အာဏာပိုင်အသုံးနှုန်းဟာ အာဏာရှင် အဖြစ်သွတ်သွင်းပေးသလို ဖြစ်စေတဲ့ အတွက် မသုံးနှုန်းပါနှင့်။ မြိုနယ် ရပ်ကွက်အုပ်ချု့ပ်ရေးအဖွဲ့လို့ ဒါမှမဟုတ် ရဲ ဘယ်သူလဲ တိတိကျကျ သတင်းမှာ ထည့်စေချင်ပါသည်။

Aug 12, 2012 09:05 PM