ကျောင်းသားတွေကို ထပ်မံတရားစွဲဆို၊ မနီလာသိန်းကို တရားခံပြေးကြေညာ
2016.02.11
၂ဝ၁၅ ခုနှစ်အတွင်းက ဆန္ဒပြခဲ့သူတွေနဲ့ ဆုတောင်းပွဲလုပ်ခဲ့သူ ကျောင်းသားတွေကို မရမ်းကုန်း၊ ကမာရွတ်နဲ့ ဆိပ်ကမ်းမြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးပြီး ၈၈ မျိုးဆက်ငြိမ်း/ပွင့်က မနီလာသိန်းကို တရားခံပြေးအဖြစ် ကြေညာလိုက်ပါတယ်။ မနီလာသိန်းကတော့ တရားစွဲဆိုခံရတာကိုတာကို မသိရှိဘူးလို့ ဆိုပါတယ်။
ရုံးထုတ်သူတွေထဲက မဖြိုးဖြိုးအောင်၊ ကိုလင်းထက်နိုင်တို့ကို မရမ်းကုန်းတရားရုံး၊ ကိုကျော်ကိုကို ကိုနန္ဒာစစ်အောင်၊ မပိုပို၊ မဖြိုးဖြိုးအောင်အပါအဝင် ၇ ဦးကို ကမာရွတ်တရားရုံးတွေမှာ ရုံးထုတ်ပြီး၊ ကိုမိုးသွေးပါ ၄ ဦးကို ဆိပ်ကမ်း မြို့နယ် တရားရုံးမှာ ပုဒ်မ၁၈နဲ့ ဒီကနေ့စတင် တရားစွဲဆိုလိုက်ပါတယ်။
ဒီအကြောင်း မရမ်းကုန်းတရားက အခြေအနေကို ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို ပြောပြပါတယ်။
"၁၅ ရက် ၂ လ ၂ဝ၁၅ နေ့တုန်းက ဘုရင့်နောင်နားက ဖြိုးရတနာဆေးခန်းရှေ့နားမှာ ဆန္ဒဖော်ထုတ်လို့ အဲ့ဒါကို အခုမှ ရဲအုပ်ဦးသန်းဝင်းကနေပြီး တရားလိုပြုလုပ်ပြီးတော့ အမှုဖွင့်တယ်၊ မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမြင့်ဆွေ ရုံးမှာပြစ်မှုကြီးအမှတ် ၁၇၇/၂ဝ၁၆ နဲ့ စွဲတင်တယ်၊ အဲ့ဒီတော့ အဲ့ဒီစွဲတင်တဲ့ အမှုမှာ ၈၈ မျိုးဆက်ငြိမ်း/ပွင့်က ဒေါ်နီလာသိန်း လည်းပါတယ်၊ ဒေါ်နီလာသိန်းက ရှိနေပါရဲ့သားနဲ့ တရားခံပြေးလုပ်ထားတယ်၊ အဲ့ဒီတော့ ကျနော်တို့နိုင်ငံမှာ လူတွေရှိနေရဲ့သားနဲ့ မျက်ကွယ်မှာ သူတို့မှာ သူတို့ စီစဉ်ပြီးတော့ တရားခံပြေးလုပ်နေတာတွေလည်း မကောင်းဘူးဗျ၊ အဲ့ဒီတော့ ဒီနေ့ ဒေါ်နီလာသိန်း မပါတဲ့အတွက် အမှုကိုစစ်လို့မရဘူး၊ ကျနော်တို့ကို ၂၄ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်"
အခုရုံးထုတ်စစ်ဆေးခံရသူတွေထဲမှာ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းထားသူတွေပါဝင်ပြီး၊ သူတို့ကို မြို့နယ်တွေခွဲပြီး ရုံးထုတ်နေတာကြောင့် သွားလာရေးအခက်အခဲရှိတယ်လို့ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။ သူတို့ကို စွဲဆိုထားတဲ့ အမှုတွေဟာ တူနေတာကြောင့် မြို့နယ်တစ်ခုထဲမှာပဲ စစ်ဆေးသင့် တယ်လို့ ဆိုပါတယ်။
ဆိပ်ကမ်းမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်တဲ့ ကိုမိုးသွေးအပါအဝင် ၄ ဦးကို ဒီကနေ့ ပထမအကြိမ် ရုံးထုတ်တာဖြစ်ပြီး၊၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလက ဗိုလ်တထောင်ဘုရားမှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့တဲ့အတွက်ဖြစ် ပါတယ်။ သူတို့ကို ကိုယ်တိုင်ဝန်ခံချက်နဲ့ အာမခံပေးလိုက်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ရုံးချိန်းရှိတယ် လို့ ရှေ့နေ ဦးကြည်သာဖုန်းမြင့်က ပြောပါတယ်။