ကျောင်းသားတွေအမှု ရုံးထုတ် စစ်ဆေးစဉ် ရုန်းရင်းဆန် ခတ်ဖြစ်ပွား

0:00 / 0:00

လက်ပံတန်းကျောင်းသားသပိတ်က ဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို သာယာဝတီခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးစဉ်မှာ ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် တရားရုံးစစ်ဆေးမှု ရပ်နားလိုက်ရတယ် လို့ သိရပါတယ်။

တရားလိုပြသက်သေ ရဲအုပ်ကိုအမှုစစ်နေစဉ်အတွင်း ကျောင်းသားတချို့အပေါ် တရားသူကြီးက ခြိမ်းခြောက်ပြော ဆိုခဲ့တာနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ရာကနေ အခုလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ဒီကနေ့ ရုံးချိန်းကို သွားရောက်ခဲ့တဲ့ ဖမ်းဆီးခံကျောင်းသား ကိုရဲဝင့်အောင်ရဲ့ ဖခင် စာရေးဆရာစံထွန်းက ပြောပါတယ်။

"၁ နာရီ ၄၅ မိနစ်မှာ စပြီးတော့ဖြစ်တာပေါ့နော်၊ ရုန်းရင်းဆန်ခတ်ဖြစ်တယ်၊ ကျောင်းသားတချို့က အပြင် ထွက်ပြီးအိမ်သာသွားတာကို ပြန်ဝင်ခိုင်းတယ်၊ ဝင်ခိုင်းတဲ့ အခါမှာ တရားသူကြီးက ရဲနဲ့ဖမ်းချုပ်လို့ရတယ်၊ ရဲနဲ့အရေးယူမယ် ဘာညာပြောလိုက်တဲ့အချိန်မှာ ကျောင်းသားတွေကနဂိုတည်းက ပေါက်ကွဲနေတော့ စိတ်ခံစား မှုတွေက အသီးသီးရှိနေကြတော့ အကုန်လုံးမခံမရပ်နိုင်ဖြစ်ပြီးတော့ ကျောင်းသားတွေကစ ပြီးတော့အော်တယ်၊ ဖမ်းချင်လဲဖမ်း၊ ချုပ်ချင်လဲချုပ်၊ ထောင်ချ လဲ ထောင်ချဆိုပြီးတော့ ဗကသသီချင်းတွေ ဆိုကြတာပေါ့နော်၊ တရားသူကြီးကဆက်မစစ်တော့ဘူး၊ ရပ်လိုက်တယ်၊ ရုံးချိန်း ၁၆ ရက်နေ့ကို ချိန်းပါတယ် ခင်ဗျ"

ဒီကနေ့ရုံးချိန်းမှာ လက်ပံတန်းကျောင်းသားသပိတ်က ဖမ်းဆီးခံနေရသူတွေထဲက ဝန်းရံသူတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးဦးဆိုသူကို အာမခံပေးလိုက်တယ် လို့လည်း ပြောပါတယ်။ ဒီကနေ့တရားရုံးချိန်းမှာ တရားလိုပြသက်သေ ရဲအုပ်ရန်လင်းနိုင်ကို ကျောင်းသားတွေရဲ့ ရှေ့နေဦးဌေးက အမှုအတွက်စစ်ဆေးမေးမြန်းမှုတွေ မပြီးပြတ်တဲ့ အတွက် ရှေ့သီတင်းပါတ်အတွင်း ဆက်လက်စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံကျောင်းသား ကိုရဲဝင့်အောင်ရဲ့ ဖခင် စာရေးဆရာစံထွန်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။