ကျောင်းသားတွေ ရုံးထုတ်၊ သတိလစ်သွားသူ ကိုခင်လှိုင်ကို ရန်ကုန်ဆေးရုံကြီးသို့ပို့


2015.06.30
students-tharyarwaddy-court-620.jpg ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်
Photo: Kyaw Zaw Win/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူ ၆၈ ဦးကို သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ ဝန်းရံသူ ကိုခင်လှိုင်ဆိုသူဟာ သတိလစ်သွားတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။

ကိုခင်လှိုင်ရဲ့ ကျန်းမာရေးအခြေအနေအရ အကျဉ်းထောင်ထဲမှာ ကုသနေတာ အဆင်မပြေတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကိုပို့ပေးဖို့ တောင်းဆိုတာကို သာယာဝတီဆေးရုံအုပ်ကြီးက လက်ခံလိုက်တာဖြစ်တယ်လို့ လိုက်ပါကူညီနေတဲ့ ကိုဗသက်အောင်က ပြောပါတယ်။

"ကျနော်တို့ လိုက်ပါကူညီတဲ့လူတွေကိုခေါ်တယ်၊ သူ့အိမ်က မလာနိုင်ဘူး၊ ဆေးရုံအုပ်ကြီးက ကိုခင်လှိုင် အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖြစ်စေချင်သလဲဆိုတော့ ကျနော်တို့ကတော့ ထောင်ထဲမှာ သူ့ကိုဒီလိုကုနေတာဟာ အဆင်မပြေတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ကုသခွင့်တောင်းဆိုပါတယ် လို့ဆိုတော့ သူကပေးပါမယ်တဲ့၊ သူ့ရဲ့ကျန်းမာရေး အခြေအနေကလည်း ပေးသင့်တယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ အစာအိမ်ဟာ အစာစားပြီး ပျို့အန်နေတဲ့ အနေအထားကို တွေ့နေရတာ ဒါမကောင်းဘူးပေါ့၊ အဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို လွှဲပေးမယ်ဆိုပြီး refer ပေးလိုက်ပါတယ်"

ကိုခင်လှိုင်ဟာ အစာအိမ်ရောဂါ ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ဆေးကု သမှုခံယူခဲ့ပြီး အာမခံမရတဲ့အတွက် သာယာဝတီကို ပြန်လည်ရောက်ရှိနေတာ နှစ်ပတ်ရှိပြီဖြစ်ပါတယ်။

အလားတူ အားပေးကူညီသူ ကိုတင်ဝင်းဟာ ရန်ကုန်ဆေးရုံကြီးမှာ အခုလက်ရှိဆေးကုသမှုခံနေဆဲဖြစ်ပြီး ကိုတင်ဝင်း အပါအဝင် အာမခံလျှောက်ထားသူ ၁၅ ဦးအတွက် လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ အာမခံပေး၊ မပေး အပြီးသတ်အမိန့်ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံထားရတဲ့ ပညာရေးသပိတ်မှောက် ကျောင်းသား ၃၅ ဦးကို ထောင်ဝင်စာပြန်ဖွင့် မပေးမချင်း ကျန်ဖမ်းဆီးခံကျောင်းသား အားလုံးကလည်း သူတို့ထောင်ဝင်စာမတွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေထဲက ၃၅ ဦးကို သီတင်းနှစ်ပတ်ကနေ တစ်လခွဲအထိ မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့် ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရုံးထုတ်လာစဉ်မှာ အခုလိုဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဒေါက်တာနေဝင်းက ပြောပါတယ်။

"ပြန်ခါနီးကျတော့ ကျောင်းသားတွေက ဆုံးဖြတ်ချက်တစ်ခုချတယ်တဲ့၊ သူတို့ကို ထောင်ဝင်စာ ၃၅ ယောက် ပိတ်ထားတယ်လေ၊ တချို့ကို နှစ်ပတ်ပိတ်တယ်၊ တချို့ကို လေးပတ်ပိတ်တယ်၊ တချို့ကို ခြောက်ပတ်ပိတ်တယ်၊ အယောက် ၂ဝ ကို နှစ်ပတ်ပိတ်တယ်၊ ၁ဝ ယောက်ကို လေးပတ်ပိတ်တယ်၊ ၅ ယောက်ကို ခြောက်ပတ်တောင် ပိတ်တယ်၊ အဲ့အခါကျတော့ ကျန်တဲ့လူတွေပါ ထောင်ဝင်စာ မတွေ့တော့ဘူးတဲ့၊ သူတို့ကိုထောင်ဝင်စာ ပြန် ဖွင့်ပေးမှ ကျန်တဲ့သူတွေ ထောင်ဝင်စာတွေ့မယ်လို့ သူတို့အစည်းအဝေးလုပ်ကြပြီးတော့ ဆုံးဖြတ်ချက်ချတယ်"

ဒီကနေ့ ကျောင်းသားတွေ ရုံးထုတ်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာနေဝင်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။