ကျောင်းသားတွေ လွတ်မြောက်ရေး ကဗျာဆရာတွေ ဆုတောင်းပွဲ ကျင်းပ

ကျောင်းသားဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ ကဗျာဆရာတွေ စုဖွဲ့ထားတဲ့ Performance On The Road အဖွဲ့က ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ ဒီနေ့မနက်က ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

သာယာဝတီထောင်နဲ့ မြင်းခြံထောင်မှာ ဖမ်းဆီးခံနေ ရတဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ အတွက် ဆုတောင်းပွဲကျင်းပတာဖြစ်ကြောင်း ကဗျာဆရာ ကိုထင်လင်းအောင်က ပြောပါတယ်။

"သာယာဝတီထောင်ထဲမှာ မြင်းခြံထောင်ထဲ မှာရောက်နေတဲ့ သူငယ်ချင်းတွေ လွတ်မြောက်ဖို့ အတွက်ပါ၊ သူတို့တွေလွတ်မြောက်ပေးရမယ်၊ လွတ်လပ်ခွင့်ပေးရပါလိမ့်မယ် ကျနော်တို့တွေ ဆန္ဒပြတယ် နောက်ပြီးတော့ အစိုးရက လိမ်ပြီးဖမ်းတယ်၊ အဲ့အတွက်ပါပဲ ကျနော်တို့တွေ ဝိုင်းရိုက်ခံရတယ်၊ ကျနော်တို့လူတွေ ထောင် ထဲရောက်သွားတယ်၊ အဲ့ဒါ အစိုးရရဲ့ ကလိမ်ကကျစ်ကျမှုပါ၊ အစိုးရဟာ တိုင်းပြည် ကျောင်းသားတွေ လူငယ်တွေကို သူ့ရဲ့ သားသမီးချင်း ကိုယ်ချင်းမစာဘူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်သူ့ ဝန်ထမ်းတွေဖြစ်ပြီး ကျနော်တို့ရဲ့ ကျောင်းသားတွေ၊ ကျနော်တို့ရဲ့ လူငယ်တွေကို သားသမီးချင်း ကိုယ်ချင်းမစာပဲ ရိုက်နှက်တဲ့အတွက် ဖမ်းဆီးတဲ့အတွက် ကျနော်တို့ အခုသရုပ်ပြရတာဖြစ်ပါတယ်"

ဒီနေ့ဆုတောင်းပွဲကို ဦးဆောင်ခဲ့တဲ့ ကဗျာဆရာ ကိုထင်လင်းအောင်ကို ကမာရွတ်မြို့နယ် ရဲစခန်းက ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြကျောင်းသားတွေပြန်လည် လွှတ်ပေးဖို့နဲ့ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ပေးဖို့ မနေ့ကလည်း ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အဲ့ဒီ ဆန္ဒပြပွဲအပြီးမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ကိုနန္ဒာစစ်အောင်၊ အိုးဝေဂျာနယ်အယ်ဒီတာ ကိုရှိန်းရာဇာထွန်းနဲ့ ကိုအောင်ထက်အောင်တို့ ၃ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။