အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်ကို ခရီးရှည်ချီတက် ဆန္ဒပြနေကြ တဲ့ ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေးစစ်ကြောင်းဟာ နွားထိုးကြီးကနေ မြင်းခြံမြို့ကို မနေ့ညနေက ရောက်ရှိ သွားပြီး မူလစီစဉ်ထားတဲ့အတိုင်း ဒီမနက် ၉ နာရီမှာ မြင်းခြံမြို့ကနေ တောင်သာကို ဆက်လက်ချီတက်ပါမယ်။
ပြည်မြို့လမ်းနဲ့တောင်သာမြို့လမ်း လမ်းကြောင်းနှစ်ကြောင်းအနက် တောင်သာလမ်းကိုပဲ ရွေးချယ်ဆုံးဖြတ် ခဲ့ကြတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗ.က.သ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။
"တောင်သာကို ချီတက်မယ်ဆိုတာက လိုရာလမ်းကြောင်းဆွဲထားတဲ့အတိုင်း ကျနော်တို့ အများပြည်သူ ကို ကြေညာပေးထားတဲ့အတိုင်းပဲ ချီတက်တယ်၊ ကျနော်တို့က အမျိုးသားပညာရေးဥပဒေဟာ နိုင်ငံတော် အတွက် ပြည်ထောင်စုအနာဂတ်အတွက် ဆောင်ရွက်နေရတာ"
ဒီမိုကရေစီ ပညာရေး စစ်ကြောင်းဟာ မြင်းခြံမြို့ကို မနေ့ ညနေ ည ၅ နာရီခွဲက ရောက်လာပြီး စွန်းလွန်းဂူ ကျောင်းမှာ ညအိပ်ရပ်နားခဲ့ပါတယ်။
ချီတက်ရာလမ်းတလျှောက်မှာ သပိတ်မှောက်ကျောင်းသားတွေကို ပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆို အားပေးကြပါတယ်။
ပညာရေးမဝါဒနဲ့ ဥပဒေတွေ ၊ နည်းဥပဒေတွေ၊ ဆက်စပ်ဥပဒေတွေ ရေးဆွဲတဲ့အခါ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်တွေ၊ ဆရာ ဆရာမ ကိုယ်စားလှယ်တွေပါ ပါဝင်ရေးဆွဲဖို့နဲ့ ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နဲ့ သမဂ္ဂတွေကို တရားဝင်အသိအမှတ်ပြုဖို့ အပါအဝင် အချက် ၁၁ ချက်ကို သပိတ်မှောက်ကျောင်းသားတွေက တောင်းဆိုထားပါတယ်။
ဒီအကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗ.က.သ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်ကို ဒေါ်စမ်းစမ်းတင်က အခုမနက် ၃ နာရီလောက်က ဆက်သွယ်မေးမြန်းထားပါတယ်။
