ဖုန်းမော်နေ့အထိမ်းအမှတ် မုံရွာတက္ကသိုလ်ကျောင်းသားတွေ ကုသိုလ်လုပ်

၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် အထိမ်းအမှတ်အဖြစ် မုံရွာတက္ကသိုလ်အသီးသီးက တကသအဖွဲ့ဝင်တွေနဲ့ ကျောင်းသား သမဂ္ဂများပေါ်ပေါက်ရေးကော်မတီ (မုံရွာခရိုင်)က ဒီကနေ့ မနက်ပိုင်းက မိဘမဲ့ကလေး (၅၀)ကျော်ကို ကျောင်းသုံးပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ကုသိုလ်ပွဲကို မုံရွာမြို့ အနောက်ဘက်ကမ်း ထနောင်းကုန်း ဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့တာလို့ ကျောင်းသားသမဂ္ဂများ တရားဝင်ပေါ်ပေါက်ရေးကော်မတီ(မုံရွာခရိုင်)က ကိုနွေဦးကိုက ပြောပါတယ်။

"အဓိကကတော့ ကျောင်းသားတွေတွေ့ဆုံပွဲရယ်။ နောက်ပြီးတော့ ကိုဖုန်းမော်နေ့အထိမ်းအမှတ်ရယ် အလှူအတန်းလေးပေါ့နော်။ အဲဒီနှစ်ခုအောက်မှာ မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်အနောက်ဖက်က ထနောင်းကုန်းကျေးရွာက ပရဟိတကျောင်းပေါ့နော် ကျောင်းသားတွေအတွက်ကို စာအုပ်တွေ ဘောပင်တွေ၊ ခဲတံတွေ လှူတယ်ခင်ဗျ။ ပြီးတော့ကြတော့ ကျနော်တို့ မနက်စာကျွေးတယ် ခင်ဗျ။ ကျောင်းသားတွေကို ကျနော်တို့ထည့်ပါတယ် အလှူငွေ တသိန်းခွဲလောက်ရှိပါတယ် ခင်ဗျ။ ကိုဖုန်းမော် အထိမ်းအမှတ်လှူဒါန်းတာတွေအပြီးမှာ မုံရွာမြို့ တက္ကသိုလ်အသီးသီးက တကသအဖွဲ့ဝင်တွေနဲ့ မန္တလေး၊ မြင်းခြံစတဲ့ အထက်ဗမာပြည် တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ တွေ့ဆုံဆွေးနွေးပွဲ တခုဆက်လက်ပြုလုပ်ခဲ့ပါတယ်။"

အဲဒီဆွေးနွေးပွဲမှာ မုံရွာ၊ မန္တလေး၊ မြင်းခြံ စတဲ့ခရိုင်တွေက တက္ကသိုလ်အသီးသီးက တကသ အမှုဆောင် ကိုယ်စားလှယ် (၇၀)နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။