တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပုဂ္ဂလိကအသုံးပြုမှု ကျောင်းသား သမဂ္ဂ ကန့်ကွက်

0:00 / 0:00

ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၆ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ သမ္မတရဲ့ အကြံပေး ဒေါက် တာ နေဇင်လတ် ကျောင်းအုပ်အဖြစ် တာဝန်ယူတဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန CSIS ပုဂ္ဂလိကကျောင်းက သင်တန်းဆင်းပွဲ ကျင်းပခဲ့တာဟာ ပညာရေးစနစ်အပေါ် အခွင့်အရေးယူတယ်လို့ ယူဆကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် တွေက ဒီနေ့ ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

အဲဒီလို ပုဂ္ဂလိက သင်တန်းကျောင်းတစ်ခုကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ သင်တန်းဆင်းပွဲ ကျင်းပခွင့်ပေးခဲ့တာကို ကန့်ကွက်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က ပြောပါတယ်။

“ဒီရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဟာ နိုင်ငံ့ခေါင်းဆောင်တွေ အိုဘားမားလို နိုင်ငံတော်သမ္မမျိုးတွေ လာပြီးမိန့်ခွန်းပြောကြတယ်၊ တခြားသောတက္ကသိုလ်တွေမှာ ဘွဲ့နှင်းသဘင်အဆောက်အဦး လိုအပ်ချက်အရ အဝေးသင်တက္ကသိုလ်တွေရဲ့ ဘွဲ့နှင်းသဘင်တွေကို ဒီမှာလာလုပ်ကြတယ်၊ ဒါဟာ ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်တွေကလုပ်တဲ့ ဘွဲ့နှင်းသဘင်တစ်ခု ဖြစ်တယ်ပေါ့နော်၊ ပြင်ပမှာဖွင့်တဲ့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းက ငှားရမ်းအသုံးပြုတဲ့ဟာမျိုးတော့ တစ်ကြိမ်တစ်ခါမှ သမိုင်းတစ်လျှောက်မှာ မကြားခဲ့ဖူးပါဘူး၊ ရန်ကုန်တက္ကသိုယ် ဘွဲ့နှင်းသဘင်ကို ပညာရေးဝန်ကြီးဌာနနဲ့ မသက်ဆိုင်တဲ့ ကျောင်းတစ်ကျောင်းကနေ လာရောက်အသုံးပြုတဲ့အပေါ်မှာတော့ ပညာရေးစနစ်အပေါ်မှာပေါ့နော် မျှတမှုမရှိတဲ့ အခွင့်အရေးတစ်ခုကို ယူသွားတယ်လို့ ကျနော်ကတော့မြင်တယ်”

တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ) များက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရန်ကုန် တက္ကသိုလ်ဘွဲ့ နှင်းသဘင် အဆောက်အအုံဟာ သမိုင်းတန်ဖိုးရှိတဲ့ နေရာဖြစ်တဲ့အတွက် ဘယ်ပုဂ္ဂလိကကျောင်းကိုမဆို ငှားရမ်းအသုံးပြုခွင့် မပေးစေလိုကြောင်း ဖေါ်ပြထားပါတယ်။

ဒီကန့်ကွက်ကြေညာချက်ကို ဘွဲ့နှင်းသဘင်ခန်းမှာ သင်တန်းဆင်းပွဲကျင်းပသွားတဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန CSIS သင်တန်းကျောင်း ၊ ပညာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သမ္မတရုံးကို ပေးပို့သွားမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က အခုလို တုံ့ပြန်ပြောဆိုပါတယ်။

“တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို မေးကြည့်လိုက်ရင်တော့ ပိုရှင်းတဲ့သဘောပေါ့နော်၊ အမှန်က ကျနော်ကတော့ ကျနော့်မှာရှိတဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာပဲ လုပ်မလို့ပေ့ါနော်၊ ဒါပေမဲ့ သင်တန်းသားတွေက အဲဒီမှာလုပ်လို့ရတယ် သူတို့သွားညှိပါမယ် ဆိုတဲ့အတွက်ကြောင့်မို့ သူတို့သွားညှိတယ်ပေါ့ဗျာ၊ ကျနော်တို့ CSIS က ပေးနေတဲ့သင်တန်း Diploma သူတို့ရပါတယ်၊ Graduation လုပ်ချင်ပါတယ်ဆိုပြီး သူတို့ဘာသာညှိတယ်ခင်ဗျ၊ ကျနော်တို့ အခွင့်အရေးယူတဲ့သဘောတို့ မလျော်သြဇာသုံးတဲ့သဘောတို့ တစ်ခုမှကျနော်တို့ မရှိပါဘူးခင်ဗျ”

ဒေါက်တာ နေဇင်လတ် ပြောသွားတာပါ။

ကြေညာချက်ထုတ်ပြန်တဲ့အဖွဲ့ထဲပါဝင်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကိုစည်သူမောင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။