ဒီမိုကရေစီပညာရေး သပိတ်မှောက်တောင်းဆိုလို့ ဖမ်းဆီးတရားစွဲခံနေရတဲ့ သံလျင်အရှေ့ပိုင်းတက္ကသိုလ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် မပိုပိုကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံး က ငွေကျပ်သိန်း ၁၀၀ အာမခံနဲ့ ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။ ဒီလိုအာမခံနဲ့ လွတ်လာပေမယ့် ဒီမိုကရေစီ ပညာရေးရအောင် ဆက်ပြီးကြိုးစားသွားမယ်လို့ သပိတ်မှောက်ကျောင်းသူ မပိုပိုက RFA ကို ပြောပါတယ်။
"ကျမကို အာမခံပေးရခြင်းက ၉ လပိုင်းကျရင် နေ့ကျောင်းတွေ စာမေးပွဲဖြေရမယ်ပေါ့၊ ကျမကို သိန်း ၅ဝ တန် နှစ်ယောက် အာမခံရတယ်ပေါ့နော်၊ အခုအာမခံရတယ်၊ နောက်ပိုင်းမှာ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျမဆက်လက်ပြီး လုပ်ဆောင်သွားမယ်ပေါ့၊ ကျမတို့ တောင်းဆိုထားတဲ့အချက်တွေ မရမချင်းဆက်လက်ပြီး လုပ်ဆောင်သွားမယ်"
အာမခံနဲ့ လွတ်တာဖြစ်တဲ့အတွက် အမှုကိုအပြင်ကနေ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပြီး၊ သြဂုတ်လ ၁၃ ရက်နေ့ကို နောက်တစ်ကြိမ်ရုံးချိန်းအဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ သူနဲ့အတူတရားစွဲခံနေရတဲ့ ကိုဝင်းကျော့မှူးကတော့ အာမခံမလျှောက်တဲ့အတွက် ထောင်အချုပ်ကနေပဲ ဆက်ပြီးတရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ အလုပ်သမားသပိတ်ကြောင့် အဖမ်းခံထားရတဲ့သူ နှစ်ယောက်အပါအဝင် နိုင်ငံရေးအကျဉ်းသူ ၇ ယောက်ရှိပြီး သူတို့အားလုံးကို တိုက်တစ်တိုက်ထဲမှာထားတယ်လို့ မပိုပိုက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ မြေသိမ်းခံထားရတဲ့ သဲကုန်းလယ်သမားတွေကို ကူညီလို့ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသား ကိုသန့်စင်ထက် ကို ဒီနေ့ ထောင် ၆ လချလိုက်ပြီး၊ ပေါင်းတည်ထောင်ကို ပို့လိုက်ပါတယ်။
တချိန်တည်းမှာဘဲ ဗိုလ်ချုပ်နေဝင်းအစိုးရဖြိုခွဲဖျက်ဆီးခဲ့တဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦကို ပြန်ဆောက်ပေး ဖို့ ပြည်မြို့မှာဆန္ဒပြလို့ ထောင်ချခံထားရတဲ့ ရှေ့နေဦးမြင့်အေးနဲ့ ကိုမျိုးသူထွဋ် တို့နှစ်ယောက်ဟာ ထောင်ဒဏ် လွတ်ရက်စေ့တဲ့အတွက် ပြည်အကျဉ်းထောင်ကနေ ဒီနေ့ပြန်လွတ်လာခဲ့ပါတယ်။ အခုလိုပြန်လွတ်လာတဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်မယ် လို့ ရှေ့နေဦးမြင့်အေးက ပြောပါတယ်။
"ကျနော်က ရက်စေ့လို့လွတ်လာတယ်၊ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘူး၊ မနက် ၆ နာရီမှာ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရယ်၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရယ်က ကျနော်တို့ကို ကားနဲ့လာခေါ်ပြီး အိမ်ကိုပို့သွားတယ်၊ ပြည်မြို့နယ် ကနေပြီး တစ်သီးပုဂ္ဂလအမတ်အဖြစ် ရွေးခံဖို့အတွက် ပြင်ဆင်နေပါပြီ၊ လွှတ်တော်ပြင်ပနိုင်ငံရေးက အဖမ်းခံရတယ်ဗျာ၊ လွှတ်တော်ထဲသွားရင် အဆင်ပြေမယ်ထင်လို့ ကျနော်ကြိုးစားကြည့်မယ်"
ဒါပေမယ့် ဦးမြင့်အေးမှာ ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတာ နှစ်မှုရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒီနေ့ကြေညာတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးနေစိုးဟာ ပြည်အကျဉ်းထောင် ကနေ ပြန်လွတ်လာခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချခံထားရချိန်မှာ ခြံရှေ့မှာတာဝန်ကျခဲ့ပြီး၊ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ဆီ သတင်းပို့ရသူလို့ သိရပါတယ်။ အဲဒီနောက် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်တွေကို လာဘ်စားမှုတွေနဲ့ ဖမ်းဆီးအရေးယူခံရတဲ့အထဲမှာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံရပြီး၊ အခုတော့ ၁၀ နှစ် ကျော်အကြာမှာ ပြန်လွတ်လာတာဖြစ်ပါတယ်။