ရန်ကုန်မြို့မှာ မတ်လ ၂၇ ရက်နေ့ ဆန္ဒပြပွဲအပြီး ဖမ်းဆီးခံလိုက်ရတဲ့ ဗကသများအဖွဲ့ချုပ် ကျောင်းသား ၃ ယောက်ထဲက ကိုရှိန်းရာဇာထွန်းနဲ့ ကိုအောင်ထက်အောင် တို့နှစ်ယောက်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ နဲ့ မနေ့က အမှုဖွင့်ပြီးနောက် ပြန်လွှတ်ပေး လိုက်ပါတယ်။
ကျန်သူတစ်ဦးဖြစ်တဲ့ ကိုနန္ဒာစစ်အောင်ကတော့ ဆက်လက်ဖမ်းဆီး ခံနေရဆဲဖြစ်ပါတယ်။ သူ့ကို ပင်မသပိတ်စစ်ကြောင်းကိစ္စနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ အတွက် သာယာဝတီထောင်က ကျောင်းသားတွေ နဲ့အတူ တရားစွဲအရေးယူမှာဖြစ်တယ်လို့ သိရကြောင်း ကိုရှိန်းရာဇာထွန်းက RFA ကိုပြောပါတယ်။
"ကိုနန္ဒာစစ်အောင်ကို အကြောင်းပြချက်ကတော့ ၂ ခုပေါ့နော်၊ တစ်ခုကတော့ လက်ပံတန်းမှာ ဝရမ်းထုတ်ထားတဲ့အထဲမှာ ကိုနန္ဒာစစ်အောင် ပါတယ်၊ နောက်တစ်ခုကတော့ ကျနော်တို့သိရသလောက်တော့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဖြစ်တဲ့အတွက်ပေါ့နော်၊ သူ့ကိုပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၅ဝ၅(ခ) အပြင် ပြီးတော့ ရန်ကုန်တစ်မြို့လုံးမှာ ကျနော်တို့ တောက်လျှောက်ဆန္ဒပြခဲ့တဲ့ ၄ ရက်သပိတ်စစ်ကြောင်းမှာ ရန်ကုန်တိုင်းမှာ ပုဒ်မ ၁၈ ချည်းပဲ အမှု ၂ဝ ကျော် ၃ဝ နီးပါး ထပ်ပြီးတော့စွဲဆိုဖို့လုပ်နေတယ်၊ ကျနော်တို့ကို ပြန်လွှတ်မယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့တရားစွဲဆိုတာကို သိရှိတယ်ပေါ့ အဲ့ဒါကို ကျနော်တို့ လက်မှတ်ထိုးပေးခဲ့ရတယ်"
သူတို့ကို ရန်ကုန်မြို့ထဲက ဆန္ဒပြပွဲအပြီးမှာ အရပ်ဝတ်ရဲတွေက နောက်ကနေတောက်လျှောက် လိုက်ကြည့် ပြီးနောက် မင်္ဂလာတောင်ညွန့်မြို့နယ် မဆလာစက် မှတ်တိုင်အနားမှာ ဝိုင်းဖမ်းခဲ့တာဖြစ်ကြောင်းနဲ့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးကိုခေါ်သွားပြီး တစ်ရက်ကြာ စစ်ဆေးခံခဲ့ရကြောင်းလည်း ပြန်လွတ်လာတဲ့ ကိုရှိန်းရာဇာထွန်း ကပြောပါတယ်။
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ဖို့ သပိတ်မှောက်တောင်းဆိုနေတဲ့ ကျောင်းသားတွေထဲက ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ ကိုရဲရင့်ကျော်နဲ့ ကိုမြတ်သူတို့ လေးယောက်ကို အစိုးရက ဝရမ်းထုတ် ထားခဲ့ရာမှာ အခုဖမ်းမိသွားတဲ့ ကိုနန္ဒာစစ်အောင်ကို ရန်ကုန်တိုင်းမြို့နယ်ပေါင်း ၂ဝ ကျော်က ပုဒ်မ (၁၈) နဲ့ အမှုဖွင့်ထားတဲ့အပြင် လက်ပံတန်းမြို့နယ်ကလည်း သူ့ကိုဆူပူအောင်လှုံဆော်မှုအပါအဝင် ပုဒ်မ (၅) ခုနဲ့ အမှုဖွင့် ထားပါတယ်။
မတ်လ ၂၇ ရက်နေ့ ဆန္ဒပြပွဲကိုဦးဆောင်ခဲ့သူ နောက်တစ်ဦးဖြစ်တဲ့ ကိုကျော်ကိုကိုကတော့ တိမ်းရှောင်သွားနိုင်ခဲ့ ပါတယ်။ ဆန္ဒပြသပိတ်မှောက်ခဲ့ကြတဲ့ တခြားကျောင်းသားတချို့လည်း ကိုကျော်ကိုကို နည်းတူတိမ်းရှောင် လွတ်မြောက်နေဆဲဖြစ်ပါတယ်။
တော်လှန်ရေးနေ့က ရန်ကုန်မြို့ သိမ်ကြီးဈေးအနားမှာ ဆန္ဒပြလို့အမှုဖွင့်ခံရပြီး မနေ့က ပြန်လွတ်လာတဲ့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုရှိန်းရာဇာထွန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။
