ရန်ကုန်မြို့တော်ခန်းမရှေ့ မှာ ကျောင်းသား ၃၀၀ ကျော် သပိတ်မှောက်ဆန္ဒပြ


2014.11.14
education-bill-protest-ygn-305.jpg ရန်ကုန် မြို့တော်ခန်းမရှေ့မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ က ကျောင်းသား ၃ဝဝ ကျော် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်စဉ်
Photo: Kyaw Lwin Oo/RFA

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ဆန္ဒပြပွဲ ကို ကျောင်းသား ကျောင်းသူ ၃၀၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

မနေ့က ကျင်းပပြီးစီးခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား ထု အရေးပေါ်အစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတိုင်း အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်မြို့ကနေ စတင်လိုက်တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

"ကျမတို့လိုချင်တဲ့ ဒီမိုကရေစီ အနှစ်သာရနဲ့ ပြည့်ဝတဲ့ ပညာရေးဥပဒေတစ်ခုရဖို့ကို ကျမတို့ ဘယ်လိုပုံစံနဲ့ ဆက်ပြီးတော့ နည်းလမ်းရှာဖွေသွားမလဲ၊ ဘယ်လို လုပ်ရှားမှုတွေ လုပ်မလဲဆိုတဲ့ဟာကို ကျမတို့ တိုင်ပင်ဆောင်ရွက်ခဲ့ကြပါတယ်၊ အဲဒီ့နောက်မှာ ကျမတို့ လှုပ်ရှားမှုကော်မတီတစ်ခုဖွဲ့ပါတယ် ၊ ကျောင်းသားကိုယ်စားလှယ် ၁၅ ဦးနဲ့ ဖွဲ့စည်း ခဲ့ပါတယ်၊ အခုလှုပ်ရှားမှုကို စတင်တယ် ၊ နောက်နောင်မှာလည်း အခြားလှုပ်ရှားမှုတွေနဲ့ ဆက်ပြီးတော့ ကျမတို့ ဒီမိုကရေစီ အနှစ်သာရနဲ့ ပြည့်ဝတဲ့ ပညာရေးဥပဒေ မရမခြင်းဆက်ပြီးတော့ တိုက်ပွဲဝင်သွားကြဦးမှာပါ"

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေရဲ့ သဘောဆန္ဒမပါဘဲ အတည်ပြုခဲ့တဲ့အတွက် အဲဒီဥပဒေကို ဖျက်သိမ်းပေးဖို့အထိ တောင်းဆိုသွားမယ်လို့လည်း ဆန္ဒပြကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းဖွင့်ရရှိဖို့၊ ဒီမိုကရေစီပညာရေးရရှိဖို့နဲ့ အမျိုးသားပညာရေး ဥပဒေကို အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို မြောက်ဒဂုံမြို့နယ် နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ ၂ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။

နှစ်ရက်ကြာအစည်းအဝေးကနေ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ဖို့ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဗကသ အဖွဲ့ဝင် ၆ ဦး၊ တကသ အဖွဲ့ဝင် ၆ ဦး၊ မြေလတ်ဒေသ က ကျောင်းသားခေါင်းဆောင် ၃ ဦး တို့နဲ့ဖွဲ့စည်းခဲ့ပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မြန်မာနိုင်ငံအနှံ့က ကျောင်းသားကိုယ်စားလှယ် ၃၀၀ ကျော် အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုနေရိန်ကျော် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။