ဖမ်းဆီးခံကျောင်းသားတွေကို တရားရုံးပြောင်းရွှေ့ စစ်ဆေးမည်

0:00 / 0:00

လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို သာယာဝတီမြို့နယ် တရားရုံးမှာ ရွှေ့ပြောင်းပြီး ရုံးထုတ်စစ်ဆေးမှာဖြစ်ကြောင်း ဖမ်းဆီးခံထားရသူတွေ ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင် မဖြိုးဖြိုးအောင်ကို မိသားစုဝင်တွေက ဒီနေ့ သွားရောက်တွေ့ဆုံရာမှာ မဖြိုးဖြိုးအောင်က ပြောလိုက်တာဖြစ်တယ်လို့ ဖခင်ဖြစ်သူ ဦးနေဝင်းက ပြောပါတယ်။

"ထူးခြားတာတစ်ခုက ပြီးခဲ့တဲ့ရက်ပိုင်းကလေ သမီးတို့ဆီသွားတော့ လက်မှတ်ထိုးခိုင်းတယ်၊ ဘာထိုးခိုင်းလဲ ဆိုတော့ လက်ပံတန်း တရားရုံးကနေ သာယာဝတီ တရားရုံးကိုပြောင်းလိုက်ပြီတဲ့၊ သူတို့သာယာဝတီမှာဘဲ စစ်တော့မယ်၊ အဲ့ဒီကိစ္စကို လက်မှတ်လာထိုးခိုင်းတယ်၊ သာယာဝတီ ရိုးရိုး တရားရုံးလား၊ အထူးရုံး လားတော့ မသိဘူး၊ သူတို့ဖွင့်တဲ့အမှုကို ဖတ်ကြည့်တော့ ကျောင်းသားတွေက ရန်ကုန်ကို ချီတက်တာကို သက်ဆိုင်ရာက တားမြစ်တယ်၊ တားမြစ်တာကိုခဲနဲ့ပေါက်တယ်၊ ရိုက်တယ်၊ မလွှဲသာလို့ပြန်ရိုက်ရတယ်၊ ရဲတွေ ၁၆ ယောက်ဒဏ်ရာရတယ်၊ မတရားရေးထားတာပေါ့ဗျာ"

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူတွေအတွက် ခြင်ထောင်ပေးခွင့် မရတာကြောင့် ညအိပ်ရာမှာ အခက် အခဲရှိပြီး ဖျားနာတာတွေရှိတယ်လို့ သိရပါတယ်။

ဒီနေ့ ထောင်ဝင်စာတွေ့ရာမှာ ကျောင်းသား ကျောင်းသူတွေနဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုမှုတွေကို ထောင်ဝန်ထမ်းတွေ က လိုက်လံမှတ်သားမှုတွေရှိတယ် လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့မှာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ရက်နေ့က ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှာ ဆန္ဒပြပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ အဖွဲ့ဝင် ကိုနန္ဒစစ်အောင်ကို သာယာဝတီအကျဉ်းထောင်မှာ ဒီနေ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဖခင်ဖြစ်သူ ဦးဌေးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။