စစ်ကိုင်းမြို့ Myanmar Veneer စက်ရုံ အလုပ်သမားတွေနဲ့ ဝန်းရံသူ ၅၁ ဦးကို နေပြည်တော် တပ်ကုန်းမြို့နယ် ရဲစခန်းက ပုဒ်မ ၄ခုနဲ့ ဒီကနေ့အမှုဖွင့်လိုက်ပြီး ကျန်တဲ့အလုပ်သမား ၂၀ ကို ပြန်လွှတ်ပေးလိုက်ပါတယ်။
သပိတ်စစ်ကြောင်းကို ဦးဆောင်သူတွေနဲ့ ဝန်းရံသူ ၅၁ ယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု စတဲ့ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးကိုကိုအောင် က ပြောပါတယ်။
"မနေ့ကကတည်းက ပြန်ဖို့ဆန္ဒရှိတဲ့လူတွေ အကြီးအကဲတွေ ညွှန်ကြားချက်အရ ဦးစီးဆောင်ရွက်တာ မဟုတ်တဲ့သူတွေ၊ လှုံ့ဆော်တဲ့အပိုင်းတွေ မပါတဲ့သူတွေ အယောက် ၂ဝ ကတော့ ပြန်မယ်ဆိုလို့ စစ်ကိုင်းတိုင်းအထိ ပြန်လည်ပို့ဆောင်မှာဖြစ်ပါတယ်၊ အားလုံး ၇၁ ယောက်ပါဗျ၊ ကျနော်တို့ ၂ဝ လွှတ်လိုက်တော့ ၅၁ ယောက်ကျန်တယ်၊ အကုန်လုံး အမှုဖွင့်လိုက်ပြီ၊ ပုဒ်မ ၁၄၃ ဆိုတာ ဥပဒေနဲ့မညီတဲ့ လူစုလူဝေးမှာ ပါဝင်တာဖြစ်ပါတယ်၊ ပုဒ်မ ၁၄၅ ကတော့ လူစုခွဲဖို့ အမိန့်ပေးပြီးသော်လည်း အဲ့ဒီလူစုလူဝေးမှာ ဆက်လက် ပါဝင်နေတာဖြစ်ပါတယ်၊ ပုဒ်မ ၁၄၇ ကတော့ ရုန်းရင်းဆန်ခတ်မှုပေါ့နော်၊ နောက် ၅ဝ၅(ခ)နဲ့ အရေးယူ တာဖြစ်တယ်"
မနေ့က အလုပ်သမားတွေဟာ နေပြည်တော်အထိ ချီတက်ဖို့လာစဉ် တပ်ကုန်းမြို့မဝင်ခင်မှာ ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ စုစုပေါင်း ၇၁ ဦးဖြစ်ပြီး အဲ့ဒီအထဲက အလုပ်သမား ၂၀ ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
အလုပ်သမားတွေဟာ စစ်ကိုင်းမြို့ကနေ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က စတင်ထွက်ခွာလာတာဖြစ်ပါတယ်။ စက်ရုံအလုပ်သမားတွေက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ပြန်ခန့်ပေးဖို့၊ အလုပ်ပြုတ်နေတဲ့ ကြားကာလအတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့၊ ဆန္ဒပြမှုကို အရေးမယူဖို့၊ သူတို့ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေးဖို့တို့ကို တောင်းဆိုဖို့အတွက် နေပြည်တော်ကို ချီတက်လာကြ တာ ဖြစ်ပါတယ်။
