ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ နွားခြံအုပ်စု၊ တောင်နီကွင်းကျေးရွာမှာရှိတဲ့ တိုင်းဗဟို ၅ လေ့ကျင့်ရေးသင်တန်းကျောင်းက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုးလို့ဆိုပြီး လယ်သမား ၃ ဦးကို အာဏာပိုင်တွေက ဒီကနေ့ ထပ်မံတရားစွဲလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကစပြီး ၁၉ ရက်နေ့အထိ ထွန်ယက်ခဲ့လို့ဆိုပြီး လယ်သမား ၂၂ ဦးကို ဇူလိုင်လ ၁ဝ ရက်နေ့က ပုဒ်မ ၄၄၇၊ ကျူးကျော်ဝင်ရောက်မှုနဲ့ ပထမဆုံးအကြိမ် အင်္ဂပူမြို့နယ်တရားရုံးမှာ တရားစွဲခဲ့ပါတယ်။ အခုနောက်ထပ် ၃ ဦးကို ထပ်မ တရားစွဲတာပါ။
တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ တောင်သူ ဦးသန်းဌေးက RFA ကို အခုလို ပြောပြပါတယ်။
"တိုင်းဗဟိုက သိမ်းယူထားတဲ့ လယ်ကွက်တွေအပေါ် မကြာခင်က ထွန်တုံးတိုက်ပွဲလုပ်တာနဲ့ ပတ်သက်ပြီးတော့ ဒီနေ့လယ်သမား ၃ ဦးကို ပုဒ်မ ၄၄၇ နဲ့ အင်္ဂပူမြို့နယ်တရားရုံးမှာ တရားစွဲထားပါတယ်ခင်ဗျ၊ တိုင်းဗဟိုက ၁၉၉၃ က သိမ်းယူခဲ့ပြီးတော့ သီးစားနဲ့ချပေးတယ်၊ ၁၉၉၅ မှာ ပြည်ထဲရေးဌာနက သိမ်းပါတယ်ဆိုပြီးတော့ ကျန်တဲ့အကြောင်းပြချက်မရှိပဲနဲ့ အဲဒီကတည်းက စတင်သိမ်းခဲ့တာ၊ အခုကျတော့ သူတို့က တပ်မိသားစု စားဝတ်နေရေး၊ စိုက်မွေးမြူရေးအတွက် သိမ်းတယ်ဆိုပြီးတော့ အခုလက်ရှိအကြောင်းပြပါတယ်"
လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်ကစပြီး လယ်သမား ၄ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ယာမြေဧကပေါင်း ၂ဝဝ ကျော်ကို တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းက သိမ်းယူခဲ့တာပါ။
အဲဒီလယ်မြေတွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့အတွက် ဥယျာဉ်ကုန်း၊ ရွှေလောင်းကန်၊ ရခိုင်ကုန်း၊ တောင်နီကွင်းရွာနဲ့ ကျီးတောရွာတွေက တောင်သူ ၃ဝဝ ကျော်က ထွန်ယက်စိုက်ပျိုးခဲ့တာပါ။