မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကျေးရွာအုပ်စုမှာ အရင်က ပဲစိုက်ပျိုးခဲ့တဲ့ တောင်သူ ငါးဆယ်ကျော်ကို အစိုးရရဲ့ ကြံစီမံကိန်းကို မစိုက်တော့တဲ့အတွက် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလိုက်ပါတယ်။
တောင်သူ ၅၀ ကျော်က စီမံကိန်းသီးနှံ ကြံကိုမစိုက်တော့ဘဲ ပဲကိုပြန်လည်စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်ကြောင်းနဲ့ သိမ်းထားတဲ့လယ်တွေမှာ ထွန်ယက်နေတာဖြစ်ကြောင်း ဒီနေ့ ဝင်ရောက်ထွန်ယက်တဲ့ တောင်သူတစ်ဦးဖြစ်တဲ့ ဦးစောမြင့်လွင် က ပြောပါတယ်။
"ကိုယ့်ရဲလယ်၊ ကိုယ့်ရဲ့ယာကထွက်တဲ့ သီးနှံတွေကို လွတ်လပ်စွာရောင်းစားမယ်၊ လွတ်လပ်စာကြိတ်မယ်၊ အဲဒီကြိတ်လာတဲ့ အကျိုးအမြတ်ကိုပဲ ဘယ်သူ့ရဲ့လက်ဝယ်မှ မပေးနိုင်ဘူး၊ ကျနော်တို့ရဲ့ လွတ်လပ်စွာ ကုန်ထုတ်လုပ်မှုရတဲ့ စွမ်းအင်ကိုပဲ ကျနော်တို့ ခံစားစေချင်တယ်၊ ဒါတွေကိုပဲ ထပ်ခါထပ်ခါ တောင်သူတွေကို အမြင်ကျယ်စေချင်တယ်၊ ကျနော်တို့ကို အခြားတောင်သူတွေကိုလည်း သီးစားခလည်း လုံးဝမပေးဖို့ရာအတွက်ကို ကျနော်တို့က အမျိုးမျိုးအသိပေးခဲ့တယ်"
လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်လောက်က အမှတ် ၁၂၁ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ရင်းက တောင်သူ ၅၀ကျော် လုပ်ကိုင်နေတဲ့ မြေဧက ၅၀၀ ကျော်ကို သိမ်းထားတာဖြစ်ပြီး Great Wall ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းပြီး ကြံစိုက်ပျိုးစေခဲ့တာလို့ သိရပါတယ်။
တောင်သူတွေဟာ ဆုံးရှုံးထားတဲ့ လယ်ယာမြေတွေ ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့အတွက် ပုံစံ(၁) လျှောက်လွှာကို သက်ဆိုင်ရာအစိုးရဌာနတွေမှာ သွားရောက်လျှောက်ထားခဲ့ပေမဲ့ လက်ခံဆောင်ရွက်ပေးတာမရှိဘူးလို့လည်း တောင်သူတွေက ပြောပါတယ်။
အဲဒီ ဆန္ဒပြနေတဲ့ တောင်သူတွေကို လက်ပံလှရဲစခန်းက ကျူးကျော်တွေအဖြစ် သတ်မှတ်ပြီး ပုဒ်မ ၄၄၇ နဲ့ တောင်သူ ၅၆ ယောက်ကို တရားစွဲဆိုထားပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
