အိန္ဒိယသကြားထက် ဘရာဇီးလ်သကြား ဈေးသက်သာ

အိန္ဒိယကနေ မြန်မာကိုတင်ပို့နေတဲ့ သကြားဈေးကွက် ကျဆင်းသွားတယ်လို့ သိရပါတယ်။ အရင်ကဆိုရင် တစ်နှစ်ကို သကြားတန်ချိန် ၁ သန်းလောက်ထိ၊ အိန္ဒိယကနေ မြန်မာနိုင်ငံဖြတ်ပြီး တရုတ်နိုင်ငံထိ မှောင်ခို တင်ပို့ ရောင်းချခဲ့တဲ့အတွက် ဈေးကွက်အားကောင်းခဲ့တယ်လို့ သိရပါတယ်။

အခုတော့ ဘရာဇီးလ်နိုင်ငံက သကြားကို အိန္ဒိယသကြားထက် ဈေးပိုလျှော့ပြီးရောင်းချနေတဲ့အတွက် ဝယ်လိုအားကျသွားတာလို့ ဆိုပါတယ်။

ဒါပေမယ့် အိန္ဒိယရဲ့ ပြည်တွင်းဈေးကွက်မှာတော့ သကြားတစ်တန်ကို အမေရိကန်ဒေါ်လာ ၃ဝ ဝန်းကျင်ဈေးနှုန်းနဲ့ ဆက်လက်ရောင်းချနေပြီး၊ အခုဆိုရင် သကြားကိုအရည်အသွေးနှိမ့်ပြီး သက်သာတဲ့ဈေးနဲ့ မြန်မာကနေတဆင့်ဖြတ် ပြီး ရောင်းနိုင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘရာဇီးလ်နိုင်ငံက သကြားတစ်တန်ကို ဒေါ်လာ ၂ဝ လောက်နဲ့ ရောင်းနေတာဖြစ်ပါတယ်။ ဥရောပကုန်သွယ်ရေးဌာနတစ်ခုရဲ့ အဆိုအရ တန်ချိန် ၄ သောင်းခွဲတင်ထားတဲ့ သကြားသင်္ဘောတစ်စင်းဟာ ဘရာဇီးလ်ကနေ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ထွက်သွားတယ်လို့ သိရပါတယ်။