မောင်တောက ရွာ ၅ဝ ကျော်ကို လုံခြုံရေးကြောင့် စားနပ်ရိက္ခာ အကူအညီပေးဖို့ ခက်ခဲနေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျေးရွာပေါင်း ၅၀ ကျော်မှာရှိတဲ့ လူဦးရေ နှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ မောင်တောမြို့နယ်ကို သွားရောက်ခဲ့တဲ့ ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ကိုအောင်ကျော်ဝင်း က ပြောပါတယ်။

စာရင်းတွေအရ ကျေးရွာ ၅၂ ရွာက လူဦးရေ ၂ ထောင်ကျော်ဟာ ရွာမှာပဲ ကျန်နေပြီး လုံခြုံရေးအရ အကူအညီတွေ မရောက်နိုင်ဘူးဖြစ်နေတယ်လို့ ကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာအဖွဲ့ဝင် ကိုအောင်ကျော်ဝင်းက ပြောပါတယ်။

"ဒီနေ့မနက်ပိုင်း စာရင်းရှာတာ ရွာပေါင်း ၅၂ ရွာလောက်စာရင်းရတယ်၊ လူဦးရေစာရင်းကတော့ အတိအကျ မရဘူးခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ တချို့တောင်ကြားတွေထဲက ရွာတွေဆို ဖုန်းအဆက် အသွယ်မရဘူး၊ ကားလမ်းမရှိဘူး၊ ဒီရွာတွေဆိုရင် လူဦးရေ ဘယ်လောက်ရှိတာ ကျွန်တော်တို့ မသိဘူးဗျ၊ သို့သော် ပိတ်မိနေတဲ့ ရွာက သေချာတယ် လူဦးရေ ၂ ထောင် ၃ ထောင်တော့ ပိတ်မိနေလောက်တယ်" လို့ ကိုအောင်ကျော်ဝင်း က ပြောပါတယ်။

ဝံလက်ဖောင်ဒေးရှင်းနဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းတို့ဟာ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာက အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်ကို ရောက်ရှိခဲ့ပြီး တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒါ့အပြင် ဗောဓိကုန်းကျေးရွာမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် လုံခြုံရေးအရ သွားလာဖို့ ခက်ခဲနေတဲ့ ကျေးရွာတွေအတွက် တပ်မတော်ကနေတဆင့် ဆန်အိတ်တွေ လှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ထွက်ပြေးနေကြတဲ့ ဒေသခံတွေရှိသလို လမ်းခရီးမှာ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မထွက်ပြေးနိုင်ဘဲ ကျေးရွာတွေမှာ ကျန်နေတဲ့ ဒေသခံတွေလည်းရှိနေ တာဖြစ်ပါတယ်။ အဲဒီကျေးရွာတွေဟာ အခုဆိုရင် စားနပ်ရိက္ခာပြတ်လပ်နေတဲ့ အခြေအနေမျိုးရှိနေပြီလို့ ကိုအောင်ကျော်ဝင်း က ပြောပါတယ်။

မောင်တောမြို့နယ်အတွင်းက တခြားကျေးရွာတွေကနေ ထွက်ပြေးလာတဲ့ဒုက္ခသည်တွေဟာ မောင်တောမြို့၊ ဘူးသီးတောင်မြို့နဲ့ စစ်တွေမြို့တွေမှာ ခိုလှုံနေရပါတယ်။