ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက မဲပေးခွင့်ပြုကြောင်း ပြောဆို

လာမဲ့ နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၊ သူနဲ့အတူ ထိန်းသိမ်းခံထားရတဲ့ ဒေါ်ခင်ခင်ဝင်းတို့သားအမိနှစ်ဦး မဲပေးခွင့်ရမယ်လို့ အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတဦး ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက စက်တင်ဘာ ၂၄ ရက် ဒီကနေ့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့် မရဘူးလို့ ပြောခဲ့ပြီးနောက်ပိုင်း မဲပေးနိုင်တဲ့ ထပ်တိုးစာရင်းအရ ဒေါ်အောင်ဆန်းကြည်တို့ သုံးဦးဟာ ကြိုတင် မဲပေးခွင့်ရမှာ ဖြစ်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

နေအိမ်အကျယ်ချုပ်ထိန်းသိမ်း ခံထားရတဲ့အတွက် မဲရုံးကိုသွားပြီးပေးခွင့်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ဥပဒေပုဒ်မအရ မဲပေးခွင့် မရှိတာကို ကျော်လွန်ပြီး စစ်အစိုး၇က မဲပေးခွင့်ရှိတယ်လို့ပြောတာဟာ ဥပဒေကို ချိုးဖောက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

“ကြိုတင်မဲဆိုတာ ပေးချင်တဲ့ ဆန္ဒရှိတဲ့ လူဆီကသာ ယူလို့ရတယ်။ ဆန္ဒမရှိတဲ့လူဆီက ယူလို့ မရဘူး။ ဒုတိယတချက်က အရင်ကြေညာတယ်၊ မပါဘူး၊ အခုမှ နောက်ဆက်တွဲ ထပ်ထည့်တယ်။ ဘာ့ကြောင့်လဲ။ ဒါကိုလည်း ရှင်းရှင်းလင်းလင်း ပြုလုပ်ဖို့ ကောင်းတယ်။ ၉၀ ပြည့်နှစ်တုန်းက သူဟာ ၁၀ -ခ နဲ့ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေအရ သူက နေအိမ်မှာ ထိန်းသိမ်းခံရတယ်။ အခု လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နေတာက အဲဒီ ၁၀-ခ လည်း မဟုတ်ဖူး၊ ကကြီးလည်း မဟုတ်ဖူး၊ ဘာဥပဒေမှ မရှိဘူး။ အဲဒီတော့ ရှိတဲ့ ဥပဒေက တနှစ်ခွဲ ကျခံဖို့ ကျန်တယ်။ အဲဒါကို ထောင်ထဲမှာအစား နေအိမ်မှာ အကျဉ်းချထားတယ်။ ကျွန်တော်က အဲဒီလို အဓိပ္ပာယ်တွေ့တယ်။ နေအိမ်မှာ အကျဉ်းကျနေတာ ထောင်ကျနေတာနဲ့ ဥပဒေသဘောအရ အတူတူပဲ။ မဲစာရင်းမှာ ဒါမဟုတ်လို့ ထည့်တယ်ဆိုရင်တော့ ဥပဒေအရ မှားတယ်လို့ ကျွန်တော် အဲဒီလိုပဲ သုံးသပ်တယ်။”

အလားတူပဲ ရန်ကုန်မြို့က ဥပဒေအကြံပေး ဆောင်ရွက်နေတဲ့ ဦးအောင်သိန်းကလည်း အစိုးရဖက်က ပြောဆိုချက်ဟာ ဥပဒေကို မလေးစားရာ ရောက်တယ်လို့ ဆိုပါတယ်။

“ဥပဒေအရ ပြောရရင်တော့ အပြစ်ရှိတယ်ဆိုပြီး အကျဉ်းချထားတဲ့ အကျဉ်းသား တဦးအနေနဲ့ကတော့ သူက မဲပေးပိုင်ခွင့် မရှိဘူးဆိုတာတော့ သူ့ရဲ့ ဒီ ရွေးကောက်ပွဲ ဥပဒေတွေမှာ ပြဋ္ဌာန်းထားတာပဲဗျ။ အဲဒီဟာတွေက အဲဒီဟာတွေကို ပြဋ္ဌာန်းတဲ့ ဥပဒေကို မျက်ကွယ်ပြုပြီးတော့ သို့မဟုတ် ချိုးဖောက်ပြီးတော့ ခွင့်ပြုမယ်ဆိုရင်တော့ ထုတ်ပြန်သူ ကိုယ်နှိုက်က ဥပဒေကို မလေးစားရာ ကျရောက်တယ်လို့ပဲ ကျွန်တော်က ပြောရမှာပဲဗျ။”

အမည်မဖော်လိုတဲ့ အစိုးရအရာရှိကတော့ ကြိုတင်မဲပေးခွင့် ရှိတယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဆီကို သက်ဆိုင်ရာ အာဏာပိုင်တွေကတဆင့် အကြောင်းကြားမယ်လို့ ပြောပါတယ်။