သခင်သိန်းမောင်၏ မွေးနေ့ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတက်ရောက်

ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့ဝင် သခင်သိန်းမောင်ရဲ့ ၉၂ နှစ်မြောက် မွေးနေ့ပွဲကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂ ရက် ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထင်ရှားတဲ့ နိုင်ငံရေးနဲ့ စာပေလောက က ပုဂ္ဂိုလ်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

သခင်သိန်းမောင်ရဲ့ မွေးနေ့ကို ရန်ကုန် တာမွေ နတ်ချောင်းမှာရှိတဲ့ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းမှာ မနက် ၉ နာရီကနေ ၁၁ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။ ဒီမွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး တဦးဖြစ်တဲ့ ရွှေတောင် ဦးအုန်းမောင်က ဘုန်းကြီးကျောင်း ပြည့်အောင် လူအတော်များများ တက်ရက်ခဲ့တယ်လို့ ပြောပြပါတယ်။

အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဆရာကြီး ဒဂုန်တာရာနဲ့ ဆရာကြီး ပါရဂူတို့ကလည်း သူတို့ သိရှိတဲ့ သခင်သိန်းမောင် အကြောင်းတွေကို ပြောဆိုခဲ့ကြတယ်လို့ ရွှေတောင် ဦးအုန်းမောင်က RFA ကို ပြောပြပါတယ်။

“ဒဂုန်တာရာနဲ့ ဆရာ ပါရဂူက ပြောတယ်ပေါ့။ သူကတော့ ဟို ဘာခေါ်မလဲ၊ စာပေသမားအနေနဲ့ ပြောတာပေါ့ဗျာ။ သခင်သိန်းမောင်က အရင်တုန်းက အင်္ဂလိပ်ခေတ်တုန်းက စာအုပ်ဆိုင် ဖွင့်တယ်ပေါ့ဗျာ၊ ရန်ကုန်မှာ။ အဲဒီမှာ ပါရဂူက သူ စာရေးဆရာ ဖြစ်လာရတယ် ဆိုတဲ့အကြောင်းတွေ ပြောတာပါပဲ။ ဒဂုန်တာရာကတော့ ကမ္ဘာ့ ငြိမ်းချမ်းရေးအကြောင်းပေါ့ဗျာ။ သခင်သိန်းမောင်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ငြိမ်းချမ်းရေး ဗိမာန်အတွက်ကို သခင်သိန်းမောင်တို့က ပြုစုစောင့်ရှောက်ရေး ကော်မတီမှာ ပါတာကိုး။ ဒေါ်အောင်ဆန်းစုကြည်လည်း နည်းနည်း နှုတ်ခွန်းဆက်စကားလေး ဘာလေး ပြောရသေးတယ်။”

သခင်သိန်းမောင်ရဲ့ ဒီမွေးနေ့ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် နိုင်ငံရေးနဲ့ စာပေနယ်က ပုဂ္ဂိုလ်တွေ၊ မိတ်ဆွေသင်္ဂဟတွေ၊ စုစုပေါင်း ၃၀၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။